Sunday, June 8, 2014

ကုလား ဆိုတာကို သိရင် ကလင်းဆိုတာကို သိအောင်လုပ်သင့်တယ်

ကုလား ဆိုတာကို သိရင် ကလင်းဆိုတာကို သိအောင်လုပ်သင့်တယ်


ကလင်ဂ တိုင်းကနေပြီး မလေးကျွန်းဆွယ်မှာ လာရောက် အခြေချတဲ့ မူလ ကုန်သည်တွေကို ကလင်း တွေလို့ ခေါ်ခဲ့ကြတာပေါ့။ ကလင်ဂ ဆိုတာကတော့ အိန္ဒိယ နိုင်ငံ အရှေ့ဖက် အလယ်ပိုင်း အိန္ဒိယ သမုဒ္ဒရာကမ်းရိုးတမ်း မှာရှိတဲ့ဒေသတစ်ခုပါ၊ အခုခေတ်အခေါ် သြဒစ္စ ပြည်နယ်နဲ့ အန္ဒရာပရာဒေရှ့်နဲ့ မဒ်ရာပရာဒေရှ့် ပြည်နယ်က ဒေသအချို့ပါဝင်တဲ့နေရာဖြစ်ပါတယ်။
အဲဒီလိုခေါ်ခဲ့တဲ့ အခြေအနေက 1528-1538 ကာလတွေမှာခေါ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရသိရှိရတယ် ဆိုပြီး မလက္ကာမှာနေခဲ့တဲ့ ပေါ်တူဂီ ကုန်သည် Castanheda ဆိုသူ ရေးသားထားခဲ့ပါတယ်။
Castanheda ရဲ့မှတ်တမ်း အရဆိုရင် ကလင်းကုန်သည် တွေနေတဲ့ ရပ်ကွက်ဟာ မလက္ကာမှာ တခြားသူတွေနေတဲ့ရပ်ကွက်ထက်ပိုပြီးကြီးတယ်၊ သူတို့တစ်တွေဟာ မူးတွေ ( အနောက်တိုင်းသားများမှ အစ္စလာမ်ဘာသာဝင်များကို အဲဒီအချိန်က ခေါ်သောအသုံးဖြစ်သည် ) နဲ့
ရှေးဟောင်း အယူရှိသူတွေဖြစ်တယ် ( ဗြဟ္မန ဝါဒ /ဟိန္ဒူဝါဒ) ကိုးကွယ်သူများ ဖြစ်တယ် လို့ဆိုပါတယ်။

သမိုင်းဂုဏ်မြင့်တဲ့ ကလင်းများ
——————————

တကယ်တော့ ၇ ရာစု သမိုင်းတွေအရ အင်ဒိုနီးရှား ဘုရင့်နိုင်ငံတော်ကြီးကို တောင် ကလင်ဂ တိုင်းဆိုပြီးခေါ်တာရှိခဲ့ဘူးတယ်။ အဲဒီ နိုင်ငံမှာ အုပ်ချုပ်ခဲ့သူတွေထဲက နံမယ် အကြီးဆုံး ဘုရင်တပါးကတော့ ရာတု ဆီမ လို့ ဘွဲ့အမည်ရခဲ့တယ်။
ဒီသမိုင်းတွေကို ကြည့်မယ်ဆိုယင်မူလက ကလင်းဆိုတာ မလေးတွေထက် ယဉ်ကျေးမှုအဆင့်အတန်းမြင့်တဲ့ အိန္ဒိယ တိုက်ငယ်က သူတွေကို ခေါ်ခဲ့တဲ့အခေါ် ဖြစ်ပြီး ဒီအခေါ်ဟာ ဂုဏ်ယူဖွယ်ရာ အခေါ်တစ်ရပ်တောင်ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။
၁၅ ရာစုကရေးခဲ့တဲ့ ဆီဂျာရာ မလာယုလို့ခေါ်တဲ့ မလေးသမိုင်းတွေ အရတော့ အဲဒီအချိန် ကလင်းဆိုတာ အိန္ဒိယ တိုက်သားအားလုံးကို ခြုံပြီးခေါ်တယ်လို့သိရပါတယ်။ ယေဘုယအားဖြင့် ဒရာဗီးဒီယန်း နွယ်ဝင် အသား ညို/မည်းမယ် နှာတံရှည်မယ် ဒီလိုလူမျိုးတွေကို မလေးတွေဟာ ကလင်းတွေလို့ သတ်မှတ်ခဲ့ကြတယ်။
မူလက အဲဒီလူတွေကိုပဲ ကလင်းတွေလို့ခေါ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အိန္ဒိယသားတွေ အားလုံးကို ကလင်းတွေလို့ ခြုံပြီးခေါ်ခဲ့ကြတယ်။
မူရင်း မလေး ဝေါဟာရ ကလင်း ဆိုတာ ၁၅ ရာစုက အိန္ဒိယ တိုက်ငယ်ကနေ မလက္ကာနဲ့ ပီနန်ကို လာရောက်ကုန်သွယ်ကြတဲ့ သူတွေအားလုံးကို ခေါ်ခဲ့တာဖြစ်ပါတယ်။
ကလင်းကုန်သည်တွေကို စူလ်တန်က နေရာချပေးခဲ့
—————————————————-

အဲဒီအချိန်က မလက္ကာကို အုပ်ချုပ်တဲ့ သူတွေဟာ ဒီကုန်သည်တွေနေထိုင်ဖို့ နေရာချပေးခဲ့ပြီး သူတို့နေထိုင်တဲ့ အရပ်ကို ကလင်းရွာလို့ သမုတ်ပေးခဲ့ပါတယ်။ အဲဒီရွာမှာ အိန္ဒိယ မွတ်စလင်မ်တွေဟာ သူတို့ ဝတ်ပြုမှုတွေပြုနိုင်ဖို့ အတွက် ဗလီဝတ်ကျောင်းတော် တစ်လုံးကို တည်ဆောက်ခဲ့ပြီး အဲဒီ ဗလီကို မစ်ဂျစ်ကမ်ပုံကလင်းလို့ ခေါ်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ အဲဒီဗလီဟာ လေ့လာသူတွေအတွက် သမိုင်းဝင်နေရာအဖြစ်တည်ရှိနေပါတယ်။ မလေးစကားမှာ အိန္ဒိယ ကလာတဲ့သူတိုင်းကို ဘုံနံမယ်အဖြစ် ကလင်းလို့ ခေါ်ပါတယ်။

ကလယ်ညာနဲ့ ကျိုလီယာ
————————–

အဲဒီဒေသမှာ အတူရောက်ရှိနေတဲ့ တရုတ်တွေကတော့ သူတို့စကားနဲ့ ကလင်းတွေကို ကလယ်ညာ လို့ခေါ်ပြီး တမီးလ် လူမျိုးတွေကို ကျိုလာ လို့ခေါ်ရာကနေ တမီးလ် မွတ်စလင်မ်တွေကို ကျူလီယာ လို့ခေါ်ပါတယ်။
မလေးမှာတော့ ဒီကနေ့ မာမာက် လို့ခေါ်ပါတယ်။
ဒီကျူလီယာ ဆိုတဲ့အမည်နဲ့ပဲ မလေးရှားနိုင်ငံ ပီနန်မြို့မှာ လမ်းနံမယ်ပေးထာသလို့ စင်္ကာပူ နိုင်ငံမြို့လည်မှာ လမ်းနံမယ်ပေးထားပါတယ် ဒီအပြင် စင်္ကာပူ မှာ ကျူလီယာတွေရဲ့ ဗလီဝတ်ကျောင်းတော် တစ်လုံးကို China Town မှာတွေ့နိုင်သလို ရန်ကုန်မြို့လယ်မှာ ကျူလီယာ ဗလီ ၂ လုံးကိုတွေ့နိုင်ပါတယ်။
နောက်ပိုင်းမှာတော့ ကျူလီယာ ဆိုတာ တမီးလ် မွတ်စလင်မ်တွေကို တခြားနိုင်ငံတွေမှာ ကျူလီယာ လို့ခေါ်ပါတယ်။ မူလစကားလုံးဖြစ်တဲ့ ကျိုလာဆိုတာကတော့ အပေါ်မှာပြောခဲ့သလိုပဲ အိန္ဒိယ နိုင်ငံ ကလင်ဂတိုင်းရဲ့ တောင်ဖက် မှာ ရှိတဲ့ ဘုရင့်နိုင်ငံတော် တစ်ခုကို အာသောက မင်းကြီးနောက်ပိုင်း ၃ ရာစုက နေ ၁၃ ရာစုနှစ် အထိ အုပ်ချုပ်ခဲ့တဲ့ မင်းဆက် ရဲ့အမည်ပဲဖြစ်ပါတယ်။

တမီးလ်တွေ ကလင်းဖြစ်သွားခြင်း
———————————-
မလေးကို ကလင်းတွေ ရောက်ရှိမူက နှစ် ၆၀၀ လောက်အရင်ကတည်းက ရပ်သွားခဲ့ပေမဲ့ တမီးလ် တွေကတော့ သွားလိုက်လာလိုက်ရှိနေဆဲပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဒီကလင်းဆိုတဲ့နံမယ်ကို တမီးလ်လူမျိုးတွေရရှိခဲ့ပါတယ်။ ကလင်းတွေမလာတော့ပေမဲ့ မလေးတွေက တမီးလ်တွေကိုလဲ ကလင်းလို့ဆက်ပြီးခေါ်ခဲ့ပါတယ်။

ကလင်းရွာတွေရှိခဲ့တယ်
————————

မလေးမှာရှိတဲ့မြို့တိုင်းရွာတိုင်းမှာ တမီးလ်လူမျိုးတွေရဲ့ ရပ်ကွက်တွေရှိပြီး အဲဒီရပ်ကွက်တွေကို မလေးဘာသာနဲ့ ပကန်ကလင်း(ကလင်းစု)၊ ကမ်ပုံ ကလင်း(ကလင်းရွာ)၊ တန်ဂျုံကလင်း (ကလင်းအငူ) ခေါ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ ရဲ့ တန်ဘတ်ဆာရီ ဒီတြိတ်အခွဲ မှာတော့ ပကြ ကလင်း ဆိုတဲ့ နေရာတစ်နေရာရှိပါတယ်၊ ပကြ ဆိုတာက အင်ဒိုနီးရှားဘာသာစကားနဲ့ ချစ်သူများလို့ အဓိပ္ပါယ်ရတဲ့အတွက် ကလင်းချစ်သူများ အရပ်လို့ဆိုရမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့အချိန်အထိ ကလင်း ဆိုတဲ့အခေါ်အဝေါ်ဟာ နှိမ့်ချတဲ့ အသုံးအဖြစ်မတွေ့ရပါဘူး

စင်္ကာပူမှာတော့ ဂျူရုန်း စက်မှုဇုံမှာ တန်ဂျုံ ကလင်း လမ်း ဆိုပြီးရှိပါတယ်။ ကလင်းဆိုတဲ့ အသုံးကနေ့ လာတာဖြစ်တယ်လို့ ယူဆပါတယ်။
ကလင်းခေါင်းဆောင်တွေ သတ်မှတ်ပေးခဲ့တယ်
————————————————

၁၇၉၀ ပြည်နှစ်ပိုင်းတွေမှာ မလေးမှာ တရုတ်နဲ့ အိန္ဒိယ မျိုးနွယ် အသီးသီးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေကို သတ်မှတ်ပေးခဲ့တဲ့အချိန်မှာလဲ တရုတ်ဖက်က ခေါင်းဆောင်ကို ကပီတန်ကျီနား လို့ခေါ်သလို အိန္ဒိယ မျိုးနွယ်ရဲ့ ခေါင်းဆောင်ကိုလဲ ကပီတန် ကလင်းလို့ခေါ်ခဲ့ပါတယ်။
ကလင်းကို နှိမ့်ချခေါ်ပြီ
———————–

မလေးရှားနိုင်ငံမှာ အဲဒီလို သတ်မှတ်မှုတွေရှိခဲ့ပေမဲ့ တကယ်တော့ ကလင်းဆိုတဲ့အခေါ်ဟာ ၁၉၆ဝ ကာလများကစပြီး ဒီအမည်နာမဟာ အိန္ဒိယတိုက်ငယ်က လူတွေကို နှိမ့်ချ ခေါ်ဝေါတဲ့ အသုံးဖြစ်လာခဲ့ပါတယ်။
စကားပုံတွေမှာတောင် “ကျကပ်မကျန်းကလင်း” ဆိုပြီးတွေ့နိုင်ရပါတယ်။ အဓိပ္ပါယ်က “ကလင်းစကားပြောသလို(ပြောနေတယ်)” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီအသုံးတွေမှာ ကလင်းကို တွဲသုံးခြင်းကို ထောက်ရှုခြင်းအားဖြင့် ကလင်း ကို နှိမ့်ချတဲ့ အသုံးအနေနဲ့ နောက်ပိုင်းမှာ သုံးလာတယ်လို့ သိနိုင်ပါတယ်။
မြန်မာ အသုံးများ ထဲမှာ “ကုလားသေကုလားမော အိပ်တယ်” ဆိုသော အသုံးများနှင့် နှိုင်းယှဉ် နားလည်နိုင်ပါတယ်။

ဒီလို ယူဆလာရခြင်းက လဲ ကိုလိုနီခေတ်မှာ ဗြိတိသျှတွေဟာ မလေးရှားမှာရှိတဲ့ သူတို့ရဲ့ ရာဘာစိုက်ခင်းတွေမှာ လုပ်ကိုင်ဖို့ အိန္ဒိယက အကျဉ်းသားတွေကို ကျွန်ပြုခေါ်လာခဲ့ပြီး အဲဒီလူတွေကို မလေးတွေက ကလင်းတွေအဖြစ် ခေါ်ဆိုခဲ့တာကြောင့်ဖြစ်ပါတယ်။
မူလက ရောက်ရှိလာသူတွေဟာ ကုန်သည်အများစုဖြစ်ခဲ့တဲ့အတွက် ကလင်းလို့ ခေါ်တာဟာ နှိမ့်ချ ခေါ်တာမဟုတ်ခဲ့ပေမဲ့ ကိုလိုနီခေတ်မှာ ကမ္ဘာစီးပွားပျက်ကပ်အပြီး အိန္ဒိယ တရုတ်အစရှိတဲ့ နိုင်ငံများက လူများဟာ ဗြိတိသျှတို့ရဲ့ ကျွန်ပြုခြင်းကိုခံခဲ့ရပါတယ်။
သူတို့တွေဟာ တခြားနိုင်ငံကို အလုပ်သမားများအနေနဲ့ရောက်ရှိခဲ့ရာကနေ ဒေသခံတွေရဲ့ နှိမ့်ချ မူကို ခံခဲ့ရပါတယ်။ အဲဒီနှိမ်ချမှုကို မျိုးနွယ်တူဖြစ်တဲ့ မူလရှိပြီးသား အိန္ဒိယနွယ်ဖွားတွေကိုလဲ တန်းတူကျင်သုံးလာမှုအပေါ်မှာ ဒီကလင်းဆိုတဲ့ အခေါ်ဟာ လေးစားဂုဏ်ယူပြီးခေါ်တဲ့ အခေါ်အဝေါ အဖြစ် မူလကယူဆရနိုင်တဲ့ အခြေအနေကနေ နှိမ့်ချ ခေါ်ဝေါတဲ့ အခြေအနေကို ရောက်ရှိစေခဲ့တဲ့အတွက် ဒီကနေ့မှာ မလေးရှားနိုင်ငံမှာရှိတဲ့ အိန္ဒိယနွယ်ဖွားတွေ အနေနဲ့ ဒီလို အသုံးသုံးတာကို လုံးဝ ဆန့်ကျင်ရှုတ်ချ ခဲ့ပါတယ်။

အစွန်းရောက် လူမျိုးရေး ဝါဒီများရဲ့ လုပ်ရပ်
——————————————-

များကကြာခင် ဧပြီလထဲမှာပဲ မလေးရှား လူမျိုးရေးစွန်း ပါတီဖြစ်တဲ့ UMNO ကို ထောက်ခံသူတစ်ဦးဖြစ်တဲ့ ဇူလ်ကစ်ဖ်လီ နူရ်ဒင် ဟာ မလေးရှားမှာသတ်ခံခဲ့ရတဲ့ မွန်ဂိုလီယားသူ အလ်တန်တူယာ နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် နဂျစ်ကို ကာကွယ်ပြောဆိုယင်းနဲ့အလွတ်စုံထောက် ဘာလာဆူပရာမာနီယမ်း ကို ပြောကြားရာမှာ မလေးရှားမှာ ရှိတဲ့ အိန္ဒိယနွယ်ဖွားတွေကို ကလင်းတွေ ကလင်းတွေ ကလင်းတွေလို့ ထပ်ကာထပ်ကာ သုံးပြီး ပြောကြားခဲ့ပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး UMNO ကိုဝေဖန်မှုတွေများလားတဲ့ နောက်ပိုင်းမှာ သူဟာ မလေးရှန်း အိန္ဒိယန်း တွေကို ဝန်ချ တောင်းပန်ခဲ့ရပါတယ်။

ဒါကိုကြည့်ယင် ဒီကနေ့ ကလင်းဆိုတဲ့ အသုံးဟာ မလေးရှားမှာ နှိမ့်ချတဲ့အသုံးအဖြစ် အများစုက လက်ခံထားတယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
မြန်မာမွတ်စလင်မ် ကင်ပွန်းတပ်ပွဲအတွက် သာဓက
————————————————–

ဒီကလင်းတွေရဲ့ အခြေအနေနဲ့ မြန်မာပြည်က မွတ်စလင်မ်တွေကို ကုလားလို့ ခေါ်ခံရတဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်ယင် လေ့လာစရာတွေ သင်ခန်းစာယူစရာတွေ အများကြီးကို တွေ့နိုင်မှာ ဖြစ်ပါတယ်။
တချိန်က ကုန်သည်တွေ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ ရဲ့ အမည်က ဆင်းသက်လာပြီး တလေးတစား ဂုဏ်ပေးခေါ်ခြင်း ခံခဲ့ရပေမဲ့ ကလင်း ဆိုတဲ့အမည်ကို ဒီကနေ့ ဒီလို့ခေါ်တာဟာ သူတို့ကို နှိမ့်ချ ခေါ်တာသက်သက်တင်မက လူမျိုးတစ်မျိုးလုံးကို စော်ကားမှုအဖြစ်ပါ သတ်မှတ်ထားကြပါတယ်။
အဲဒီအတွက်လဲ မလေးရှားမှာ တရားဝင် ကလင်းလို့ ခေါ်ယင် အလွန်ရိုင်းစိုင်းတယ် လို့ သတ်မှတ်ကြပြီး ခေါ်ခဲ့မိယင်လဲ ဝန်ချတောင်းပန်ကြရပါတယ်။

နံမယ်ဆိုတာ ကိုယ်ကိုယ်တိုင်က ပေးရတာပါ ကိုယ်ကြိုက်တဲ့နံမယ်ကို ကိုယ်ပေးရတာပါ ကိုယ့်နံမယ်ပဲ ဖြစ်စေအုံး ကိုယ်မကြိုက်လို့ ခေါ်တာမကြိုက်တော့ဘူးဆိုယင် ဘယ်သူမှ ခေါ်ခွင့်မရှိပါဘူး
ကမ္ဘာမှာ ဒီလို နှိမ့်ချခေါ်ဝေါ်ခံရတဲ့ နံမယ်တွေ အများကြီးရှိပါတယ်၊ တရုတ်စပ်အာရှသားတွေကို အမေရိကန်တွေက ချင် လို့ခေါ်သလို အာဖရိကန်တွေကို နစ်ဂါ လို့ခေါ်တာ ဂျပန်တွေကို နိပ် လို့ခေါ်တာ တွေဟာ ဒီကနေခေတ်မှာတော့ အလွန်အင်မတန်ရိုင်းပျပြီး တစ်ချို့နိုင်ငံတွေမှာ ဆိုယင် တရားစွဲဆို နိုင်တဲ့အထိ ဥပဒေတွေနဲ့ တားမြစ်ထားတာကိုတွေ့ရပါတယ်။

ဒါကြောင့် မြန်မာမွတ်စလင်မ်တွေကို နံမယ်ပေးကင်ပွန်းတပ်ကြမယ်ဆိုယင် အထောက်အကူဖြစ်နိုင်စေဖို့ မလေးရှားနိုင်ငံ က ကလင်းလို့ နှိမ့်ချ ခေါ်ခံနေရတဲ့ မလေးရှန်း အင်ဒီးယန်းတွေရဲ့ မျက်မှောက်ခေတ်အတွေ့အကြုံ တစ်ခုကို အခုလိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
မိုးစွန်ကြယ် (Y.I.T)


                                           ကော့သောင်း(မီဒီယာ)

No comments:

Post a Comment