အေဗာဒသ် လုပ်ရမည့် ရှဗေဗရာသ်
ရှအ်ဗာန် လ၁၅ရက် ညသည် အလွန်ထွတ်မြတ် သောညဖြစ်ကြောင်း ဆွဟာဗာ ၁၀ ပါးက
ဆင့်ပြန်ထားသည်ကို ကျမ်းများတွင်တွေ့ရပါလျက် နောက်ပိုင်းဆင့်ပြန်သူအချို့၏
အားနည်းချက်ကြောင့် ဤည၏ ထွတ်မြတ်ခြင်းကို ပညာရှင် အချို့က အငြင်းဝင်ကြသည်။
မည်သို့ပင်ဖြစ်စေ အခြားဆင့်ပြန်ချက်များ၌လည်း ထွတ်မြတ်ကြောင်းလာရှိသဖြင့်
ဤည၏ ထွတ်မြတ်မှုကို အခြေအမြစ်မရှိဟု သုံးသပ်ခွင့် မရှိတော့။
အစ္စလာမ် ထွန်းကားစခေတ်၏ အမြတ်ဆုံးကာလမှ ယခုတိုင်အွမ္မသ်သည် ယင်းည၏ ဖဇီလသ်ဖြင့် အကျိုးခံစားရယူလျက် ဤညတွင် မအိပ်ဘဲ နိုးကြား၍ အေဗာဒသ်ပြု ခြင်းဖြင့် အကျိုးထူးများကို ရရှိပေမည်။
ဖရပ်ဇ် ဆွလားသ်များသည် ဒီးန်၏ အထိမ်းအမှတ်များဖြစ်၍ ဗလီတွင် ဂျမာအသ်နှင့်တကွ ဆောက်တည်ရမည်။ ဗလီ၏ ဂျမာအသ်ဖြင့် နမားဇ်ဖတ်ခြင်းသည် ဝါဂျစ်ဗ်နှင့်နီးသော စွန္နသေမုအတ်ကဒဟ်ဖြစ်သည်။ စွန္နသ် စွလားသ်များကိုလည်း ဗလီ၌ပင် ဖတ်ခွင့်ရှိကြောင်း ဖိကဟ် ပညာရှင်များက ဆုံးဖြတ်ထားကြသည်။
ရှဗေကဒရ်ဖြစ်စေ ရှဗေဗရာသ်ဖြစ်စေ နဖိလ်အေဗာဒသ်များကိုမှု မိမိတို့အိမ်များတွင် ဆောက်တည်ထိုက်ပေသည်။ သို့မှသာ မိသားစု ဇနီး သားသမီးများပင် ကောင်းသောနမူနာကို ယူတတ်ကြမည်။ အေဗာဒသ်များဆောက်တည်လျက် အိပ်ငိုက်ရာတွင် အနားယူအိပ်စက်လိုက်ပါ။ အိပ်ငိုက်လျက် ကုရ်အာန် ဖတ်နေပါက မှားယွင်းသွားနိုင်သည်။ တညလုံးမဟုတ်သော်လည်း တစ်နာရီမျှအေဗာဒသ် ပြုခွင့်ရလျှင်လည်း အကျိုး ထူးရပေမည်။
အချို့သည် နဖိလ်ဆွလားသ်နှင့် ဆွလာသွလ် သပ်စ်ဗီးဟ်ကို ဂျမာအသ်လုပ် ဖတ်ကြ၏။ ဤသည်မှာ မှားယွင်းသော အစဉ်အလာဖြစ်သည်။ ဟနဖီအဆိုအရ နဖိလ်အတွက် ဂျမာအသ်သည် မက္ကရူဟ်ဖြစ်၍ ကုသိုလ်စဝါးဗ် မရဘဲအပြစ်ပင်ထိုက်မည်။
ညအေဗာဒသ် -နဖိလ်ဆွလားသ်သည် ဗန္နာဟ်နှင့် အရှင်မြတ်သာဆိုင်သည်ဖြစ်၍ တတိယသူမပါဘဲ ဆောက်တည်ရမည်။ ညကာလအမှောင်တွင် ငါ့ထံ ခစားလိုလျှင် အဖော်မပါဘဲ တဦးတည်းလာခဲ့ရန်။ တိုက်ရိုက် ငါအရှင်မြတ်နှင့် ဆက်သွယ် ကြဟုမိန့်ကြားထားခြင်းကြောင့် နဖိလ်ဂျမာအသ်ကို မက္ကရူဟ်ဟုပြဌာန်းခြင်းဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်။ သီးခြားခစားခွင့် ပြုထားသည်ကို ကမောက်ကမလုပ်လိုက်ခြင်းသည် အထူးအခွင့်အရေးကို တန်ဖိုးမထားရာရောက်သည်။
ရှအ်ဗာန် လဆန်းမှ ၂၇ရက် အထိ တမန်တော်မြတ် (PBUH) သည် ရိုဇာထားတော်မူကြောင်း ရိဝါယသ်များလာရှိသည်။ လစဉ် ၁၃ ၁၄ ၁၅ ရက်များတွင် ရိုဇာဟ် ထားတော်မူသည်။ သို့ရှိရာ ရှအ်ဗာန် ၁၅ ရက်လည်း အထက်ပါသုံးရက်တွင် အကျုံးဝင်နေရာ ရိုဇာထားနိုင်သည်။ ဤသို့ ရိုဇာမထားဖြစ်လျှင်လည်း အပြစ်မထိုက်ပေ။
ဆင့်ပြန်ချက် ရေဝါယသ်တရပ်တွင် တမန်တော်မြတ် (PBUH) သည် (တသက်တွင်တကြိမ်မျှသာ ) ထိုည၌ ဂျန္နသွလ် ဗကီးဟ် ကဗရ်စတာန်သို့ ကြွသွားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ထိုည၌ တသက်တာတွင် တကြိမ်မျှသာသွားခွင့်ရှိသည်။ နှစ်စဉ်ဗရာသ် ညတိုင်းသွားရန်မှာ အရေးမကြီး။ သံဝေဂတရားရရန် အလို့ငှာ အပတ်စဉ်သွားလျှင်လည်း အကြောင်းမဟုတ်။ သို့သော် ဒီးန် သာသနာတွင် မိမိဘက်မှ ဖြည့်စွက်ခြင်းကို တားမြစ်ထားသည်။
ဆွလာသ်သွလ် သောင်ဗဟ် ဖတ်၍ အရှင်မြတ်ထံ ဝန်ချတောင်းပန်ပါ။ သေသူရှင်သူအပေါင်း မဂ်ဖေရသ် ရရန် ဒိုအာတောင်းပါ။ အချိန်ရလျှင် ဆွလာသွလ် သဇ်ဗီးဟ်လည်းဖတ်နိုင်သည်။ ကုရ်အာန် သေလာဝသ်။ တတိယကလေမာဟ်။ ဇိကီရ်။ ဒရူးဒ်ရှရီးဖ် ။ သဟ်ဂျွဒ်။ စသည့် အေဗာဒသ်အားလုံးပြုပိုင်ခွင့် ရှိသည်။ သို့သော် ဤနဖိလ် အေဗာဒသ်များကြောင့် ဖရဇ်ဂျမာအသ်များ မလွှတ်သင့်ကြောင်းကောင်းစွာ မှတ်သားထားကြပါ။ ရှဗေဗာရာသ်တွင် မည်သည့် ဒိုအာမဆို ရွတ်ဖတ်နိုင်သည်။
ကောင်စရ် ဘာဒ်ရှာဟ် | အလင်းမျက်ဝန်း

(မော်လာနာ မုဖ်သီ သကီးဟ် ဒါရွလ်အူလူမ် ကရာချီ၏ မိန့်ခွန်းမှ ကောက်နှုတ်ဖော်ပြသည်)
ကောင်စရ် ဘာဒ်ရှာဟ် | အလင်းမျက်ဝန်း
အီစလမ့်မီဒီယာ(ကော့သောင်း)
No comments:
Post a Comment