Wednesday, June 18, 2014

စန္နသ်တော်နှင့်အညီ ဘဝသက်တမ်းကို နေထိုင်ပါ

စန္နသ်တော်နှင့်အညီ ဘဝသက်တမ်းကို နေထိုင်ပါ

(အို-နဗီတမန်တော် အသင်သည် လူသားတို့အား ဤသို့ပြောကြားပါလေ။ အကယ်၍ အသင်တို့သည် အလ္လာယ်အရှင်အား ချစ်ကြည်မြတ်နိုးကြပါမှု ငါ၏ အမိန့်သြဝါဒများကို အစဉ်တစ်စိုက် လိုက်နာကြကုန်။ သို့မှသာလျှင်အသင်တို့အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မှုအံ့။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုများကို အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်၊အစဉ်သနားညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။)
(ကုရ်အာန် )

ကျနော်တို့တွေ လောကရဲ့ တိုတောင်းလှတဲ့ဘဝသက်တမ်းကို ရရှိခြင်းဟာ ရှည်လျှားလှတဲ့ အာခေရသ်တမလွန်ဘဝကို ဖြတ်သန်းဖို့ အကြောင်းခံဘဲဖြစ်တယ်။ ဘာလို့လည်းဆိုတော့ စစ်မှန်တဲ့ဘဝသက်တမ်းဆိုတာ အာခေရသ်ရဲ့ ဘဝသက်တမ်းဘဲဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က ကျနော်တို့ကို အစ္စလာမ်သာသနာတော် ချီးမြှင့်ပေးသနားတယ်။ အဲ့ဒိအစ္စလာမ်သာသနာကဘဲ ကျနော်တို့ကို ဘဝရဲ့ နေထိုင်ပုံကို လမ်းညွန်ပြသပေးထားတယ်။ ကျနော်တို့ရဲ့ဘဝသက်တမ်းဆိုတာ တကယ်တော့ စာမေးပွဲခန်းကြီးတစ်ခုပမာဘဲ။ ဒီတော့ကျနော်တို့ ဒီစာမေးပွဲပမာဖြစ်တဲ့ လောကသက်တမ်းကို ဘယ်လိုပုံစံတွေနဲ့ ဖြတ်သန်းနေကြလည်း
စန္နသ်တော်တွေနဲ့ ကိုက်ညီစွာဖြတ်သန်းနေကြလား? စားသောက်တဲ့နေရာမှာ၊ အိမ်သူအိမ်သားတွေနဲ့ဆက်ဆံတဲ့နေရာမှာ၊ ဝတ်စားဆင်ယင်မှုမှာ၊ လူမှုဆက်ဆံရေးမှာ၊ စီးပွားရေးမှာ စန္နသ်တော်တွေနဲ့အညီ ပြုလုပ်လား? ဒီစာမေးပွဲရဲ့အဖြေတွေ အာခေရသ်တမလွန်ဘဝကို ရောက်ရှိလာတဲ့အချိန်မှာ အကောင်းဆုံးဖြစ်အောင်ဘယ်လိုပြင်ဆင်ထားလည်း? လောကရဲ့တိုတောင်းလှတဲ့ဘဝသက်တမ်းကို အကောင်းဆုံးဖြတ်သန်းဖို့ကတော့ နည်းလမ်းတစ်ခုဘဲရှိတယ်။ အဲ့ဒါကျနော်တို့ရဲ့ဘဝသက်တမ်းကို နှစ်ဘဝသခင်ကျေးဇူးတော်ရှင် တမန်တော်မြတ်ကြီး (PBUH)ရဲ့ ဘဝသက်တမ်းနဲ့အညီ ကျင့်ကြံနေထိုင်ကုန်ဆုံးဖို့ပါဘဲ။

ဒီနေ့အချိန်ထိ လူတွေနားလည်သဘောပေါက်လွဲနေတာတစ်ခုက စန္နသ်လို့ ပြောလိုက်ရင် စန္နသ်ဆိုတာ ကျင့်စဉ်လေးနှစ်ခုသုံးခုလောက်ကို ကျင့်သုံးလိုက်ရင် လုံလောက်သွားပြီလို့ ထင်နေကြတယ်။ ဥပမာ ဒါရီထားမယ်၊ ဘောင်းဘီ၊ ပုဆိုးကို ခြေမျက်စိအပေါ်မှာ ဝတ်မယ်၊ ဦးထုပ်ဆောင်းမယ် စသဖြင့်ပေါ့ ဒါရီထားလိုက်တာတစ်ခုတည်းနဲ့ ကိုယ့်ကို ကိုယ့်ရှရီအသ်အပေါ်မှာ လိုက်နာကျင့်သုံးသူ ဘာသာတရားကိုင်းရှိုင်းသူဆိုပြီး ထင်မှတ်ကြတယ်။ ဒါရီမထားတဲ့လူတစ်ယောက်ကိုတွေ့ရင် စန္နသ်တော်ကို ဆန့်ကျင်နေသူ ဘာသာတရားကိုမလေးစားသူလို့ ထင်မှတ်ကြတယ်။ တစ်ခါတစ်လေကျရင် အဲ့ဒိဒါရီမထားတဲ့သူက တစ်ခြားနေရာတွေမှာ ကိုယ့်ထက်ပိုပြီးစန္နသ်တော်တွေအပေါ်မှာ လိုက်နာကျင့်သုံးတာလည်းရှိတတ်တယ်။

ဒါရီထားတာတစ်ခုတည်းနဲ့ သာသနာကိုင်းရှိုင်းသူ ရှရီအသ်အပေါ်မှာ လိုက်နာကျင့်သုံးသူလို့ ထင်မှတ်ကြမယ်ဆိုရင် သာသနာက ဒါရီထားတာတစ်ခုထည်းအပေါ်မှာ အဓိကကျနေသလိုမျိုး ဖြစ်သွားမယ်။

ဒါရီကို ရိုတ်ခြင်းဟာ အလွန်အင်မတန်မှကြီးမားတဲ့ ပြစ်မှုဂိုနာဟ် အကုသိုလ်ဖြစ်တယ်။ ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ အဲ့ဒိဒါရီရိုတ်တဲ့သူက ကိုယ့်ထက်တောင် နမားဇ်ကိုမြဲတယ်။ ရိုဇာမြဲတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ဖန်ဆင်းခံတွေအပေါ်မှာအကောင်းဆုံးဆက်ဆံတယ်။ ကိုယ့်ဇနီးသားသမီးတွေကို နူးညံ့ချိုသာစွာဆက်ဆံတယ်။

ဒါရီထားခြင်းဟာ အလွန်အင်မတန်မှ အကျိုးကုသိုလ်ရတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်။ ဒါရီကိုရိုတ်ခြင်းဟာ အလွန်အင်မတန်မှကြီးမားတဲ့ ပြစ်မှုဂိုနဟ်ဖြစ်တယ်။ မပြုပိုင်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ စန္နသ်တော်ကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ရာကျတယ်။

ဒါပေမဲ့လည်းအစ္စလာမ်သာသနာဆိုတာ ဒါရီထားတာတစ်ခုတည်းနဲ့ ပြီးပြည့်စုံသွားတာမဟုတ်ဘူး။ ဒီလိုအမြင်ထားခြင်းဟာ အလွန်အင်မတန်မှ ပညာမဲ့ခြင်းဖြစ်တယ်။

စန္နသ်တော်ကို လိုက်နာကျင့်သုံးခြင်းဆိုတာ သုံးလေးမျိုးလောက် စန္နသ်တော်ကိုဘဲလိုက်နာကျင့်သုံးခြင်းကို ဆိုလိုတာမဟုတ်ဘူး။ သာသနာတစ်ခုလုံးအပေါ်မှာ လိုက်နာကျင့်သုံးခြင်းဖြစ်တယ်။

အစ္စလာမ်သာသနာတော်က ကျနော်တို့ကို ဗလီသွားကျောင်းတတ်တာတစ်ခုဘဲ သင်ပေးထားတာမဟုတ်ဘူး။ ဒါတင်မက ကျနော်တို့ကို အိမ်မှာနေတဲ့ပုံစံ၊ ဈေးမှာနေတဲ့ပုံစံ တရားဥပဒေ၊ နိုင်ငံရေး၊ စစ်ရေး လူမှုရေးအစရှိတာတွေကိုလည်း သင်ကြားပေးထားတယ်။

အရာရာတိုင်းအတွက် နည်းလမ်းတွေကို ပြသပေးထားတယ်။ မုစလ်မာန်တစ်ဦးအတွက် ဘယ်အချိန်ဘယ်နေရာဘယ်ကိုဘဲရောက်ရောက် အစ္စလာမ်သာသနာတော်က သူ့အတွက် လမ်းညွန်ပြသမှုတွေရှိတယ်။ အဲ့ဒိလမ်းညွန်ပြသမှုတွေအပေါ်မှာ ကိုက်ညီစွာလိုက်နာကျင့်သုံးဖို့လိုတယ်။

ပြောရမယ်ဆိုရင် ကျနော်တို့အချိန်တိုင်း နေရာတိုင်းဟာ စာမေးပွဲခန်းကြီးတစ်ခုပမာပါဘဲ။ ဘယ်နေရာဘယ်ကို ဘဲရောက်ရောက် အလ္လာဟ်အရှင်မြတ်နဲ့ ရစူလ်ကိုယ်တော်မြတ်ရဲ့ချမှတ်ထားတဲ့ အမိန့်တော်တွေ လမ်းညွန်ပြသမှုတွေအပေါ်မှာ လိုက်နာကျင့်သုံးဖို့ အရေးကြီးတယ်။

သာသနာက ချမှတ်ထားတဲ့တာဝန်တွေက ကျနော်တို့အပေါ်မှာ အမြဲတမ်းရှိနေတယ်။
(ဟုကုကွလ္လာဟ်) အလ္လာဟ်အရှင်မြတ်အပေါ်မှာရှိတဲ့ တာဝန်ဝတ်တရားတွေကို ကျေပြွန်ရမယ်။ ဘယ်နေရာကိုဘဲရောက်ရောက် နမားဇ်အချိန်ရောက်ရင် နမားဇ်ဆောက်တည်ရမယ်။
(ဟုကုကွလ်အေဘားဒ်) လူသားချင်းအပေါ်မှာထားရမဲ့ တာဝန်ဝတ္တရားတွေကို ကျေပြွန်ရမယ်။ လူတစ်ဖက်သားကိုဒုက္ခမပေးရဘူး။

ကိုယ်အတွက်ကြောင့်နဲ့သူတစ်ပါးဒုက္ခမရောက်စေရဘူး။ ဟဒီးစ်တော်မှာလာရှိတယ် ပြီးပြည့်စုံတဲ့ မုစလ်မာန်ဆိုတာ မိမိနှုတ်လျှာဖြင့်ဖြစ်စေ လက်ဖြင့်ဖြစ်စေ အခြားသူအားဒုက္ခမပေးသူဖြစ်တယ်။

ကိုယ်က သူတစ်ပါးကို ဒုက္ခမပေးဘူးဆိုရင် အဲ့ဒိမှာရရှိမဲ့ အကျိုးကျေးဇူးက လူမှုဆက်ဆံရေးမှာ ချစ်ခင်မှုတွေ တိုးပွားလာမယ်။ ငြိမ်းချမ်းမှုတွေ ပေါက်ဖွားလာမယ်။ လူမှုဆက်ဆံရေးမှာ မောက်မာရင့်သီးမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုကလွဲပြီး ဘာမှမရှိဘူး။

ကျနော်တို့အားလုံး အစ္စလာမ်သာသနာအပေါ်မှာပြည့်ပြည့်ဝဝလိုက်နာကျင့်သုံးနိုင်စွမ်း အလ္လာဟ်အရှင်မြတ် ချီးမြင့်ပေးသနားတော်မှုပါစေ။ စန္နသ်တော်နှင့်အညီ မိမိဘဝသက်တမ်းကို ကုန်ဆုံးနိုင်စွမ်း အလ္လာဟ်အရှင်မြတ် ချီးမြင့်ပေးသနားတော်မှုပါစေ။ ။အာမီန်း

(မုဖ်သီရဖီးအွစ္စမာနီ၏ခွသ်ဘာကိုမှီညမ်းရေးသားသည်)
 
                                                  ဆရာစည် l အလင်းမျက်ဝန်း
                                      အီစလမ့်မီဒီယာ(ကော့သောင်း)

No comments:

Post a Comment