မွတ်စလင်မ်ဖြစ်ရတာ အားငယ်စရာ မလိုတော့ဘူး၊ ရှက်စရာမလိုတော့ဘူး၊ မွတ်စလင်မ် ဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းသည့် စာအုပ်ထွက်ရှိ
“မွတ်စလင်မ်ရဲ့ အဓိကအနှစ်သာရက ရိုးသားဖြောင့်မတ်ခြင်းပဲ” ကုရ်အာန်ကျမ်းတော်မြတ်(စူယာ၃၊ အာယသ်၆၇)နှင့် (စူယာ၎၊ အာယသ်၁၂၅) မှာ ဖော်ပြထားတာက ရိုးသားဖြောင့်မတ်ခြင်းကင်းမဲ့သွားလို့ရှိရင် မွတ်စလင်မ်အဖြစ်ကနေဈာန်လျှောသွားမယ် ဟု ဆရာစိန်ဌေးဟန်(ကဗျာဆရာ) က နောက်ဆုံးထွက်ရှိ လာသည့် မွတ်စလင်မ်ဖြစ်ရတာ ဂုဏ်ယူစရာ စာအုပ်၏ အနှစ်သာရကို မြန်မာမွတ်စလင်မ်မီဒီယာ သို့ပြောသည်။ကဗျာဆရာစိန်ဌေးဟန် သည် ၁၉၉၀ခုနှစ်တွင် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုများကို စတင်ရေးသားခဲ့ပြီး၊ ယခုလက်ရှိတွင် နှစ်ပေါင်း(၂၃)နှစ်ကြာမြင့်သည့် အလျှောက် စာပေနယ်တွင်လည်း ကဗျာဆရာစိန်ဌေးဟန် အဖြစ်ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
မွတ်စလင်မ်ဖြစ်ရတာ ဂုဏ်ယူစရာစာအုပ်ကလေးသည် ငါးအုပ်မြောက်စာအုပ်တစ်အုပ်ဖြစ်ပြီး၊ ဒီစာအုပ်၏၊ အဓိကအကြောင်းအရာများကတော့ ၊ မွတ်စလင်မ်ဆိုတာ အကြမ်းဖက်တဲ့သူတွေ၊ နောက်သူများဘာသာကို တိုက်ခိုက်တဲ့သူတွေ အစ္စလာမ်ကို အထင်အမြင်မှားတဲ့ သူတွေကို၊ ပြန်လည်ချေပ ထားသောစာအုပ်တစ် အုပ်လည်းဖြစ်သည်၊ ပြီးနောက် ဒီစာအုပ်ကို အခြားဘာသာအတွက်ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်သည်။
ထိုစာအုပ်တွင်“ ဘာသာတရားမှာ အလှတရားတွေရှိပြီးသား၊ အလှတရားရှိမှ ဂုဏ်ယူလို့ရမယ်၊ အလှ တရား မရှိရင် ဂုဏ်ယူလို့မရဘူး၊ မွတ်စလင်မ်တွေကလည်း အစ္စလာမ်သာသနာကို ကိုးကွယ် တဲ့အခါကြတော့ အစ္စလာမ်မှာလည်း အလှတရားအများကြီးရှိတယ်၊ အဲ့အတွက် သင့်ရဲ့ မွတ်စလင်မ်ဖြစ်ရတာ အားငယ်စရာ မလိုတော့ဘူး၊ ရှက်စရာမလိုတော့ဘူး၊ မွတ်စလင်မ်ဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းတယ်၊ ဘာကြောင့်လည်း ဆိုရင် အလှတရားတွေရှိလို့ပဲ’’ ဟု စာအုပ်၏ အနှစ်သာရကို မွတ်စလင်မ်များအတွက် ကဗျာဆရာက မီးမောင်းထိုးပြ ထားသည်။
“ ကမ္ဘာမှာ သာသနာအားလုံးရှိပါတယ်၊ အစ္စလာမ်ကဘာသာအားလုံးကို အသိအမှတ်ပြုပါတယ်၊ ဘာလို့ လဲဆိုတော့ (စူယာ၆၊ အာယသ်၁၀၈)မှာ (အလ္လာဟ်အရှင်မြတ်အပြင် အခြားအရာတွေကို ကိုးကွယ်နေတဲ့ သူတွေကို အသင်တို့က ကဲ့ရဲ့ရှု့တ်ချခြင်း မလုပ်ပါနှင့်၊ ငါအလ္လာဟ်ရှင်ကိုယ်တိုင် အဲ့ဒီအခြားဘာသာ၊ အခြား လူ့အစုအဝေးတွေနဲ့ ပက်သက်ပြီး သူတို့မှာလည်း အလှတရားရှိဖို့ ငါအရှင်မြတ်ကိုယ်တိုင် လုပ်ပေးထားတယ် လို့ပြောတဲ့အတွက် ဘာသာတရားအားလုံးက သူ့ဟာနဲ့သူအလှတရားတွေရှိတယ်၊ တစ်ခုပဲအဲ့မှာ အယူသီး အစွန်းရောက်သွားရင်တော့ ပုံပျက်သွားတာပေါ့၊ အစ္စလာမ်က အခြားဘာသာအယူဝါဒတွေကို အသိအမှတ် ပြုပါတယ်’’ ဟု ဆောင်းပါးရှင်ဆရာစိန်ဌေးဟန်မှ ကိုးကွယ်သည့်ဘာသာများ၏ အလှတရားများကို ဖော်ကျူး ခဲ့သည်။
ထိုနောက် အစ္စလမ်ဘာသာဝင်များအပေါ် အစွန်းရောက်သမားများ၊ အကြမ်းဖက်သမားများ၏ အထင် အမြင် လွဲမှားသည့်အပေါ် ဆရာစိန်ဌေးဟန်၏ ယခုလက်ရှိထွက်ပေါ်လာသောစာအုပ်သည် တစ်ဖက်စောင်းနင်း ရေးသားခြင်းများမပါဝင်ပဲ ကိုယ်ရဲ့ အသိတရားကို အခြားသူများလည်းသိစေချင်သည့် သဘောဆောင်ခြင်း၊ နောက်တစ်ချို့က ကုရ်အာန်ကိုသေချာမသိတဲ့သူတွေက ဒီလိုဝေဖန် တိုက်ခိုက် တဲ့သူတွေကြောင့် စိတ်က မခံချင်ဖြစ် သွားနိုင်ခြင်းဖြစ်မှာ စိုးရိမ်၍ ရည်ရွယ်သောစာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
“မွတ်စလင်မ်ဖြစ်ရတာ ဂုဏ်ယူစရာ” စာအုပ်ထွက်ပြီး ဝေဖန်တာတွေလည်းရှိခဲ့တယ်၊ မွတ်စလင်မ် ဖြစ်ရ တာဂုဏ်ယူစရာဆိုတော့ အခြားဘာသာဖြစ်ရတာ ဂုဏ်ယူစရာမကောင်းဘူးလားဆိုတော့ အဲ့လို လည်း မဟုတ်ပါဘူး၊ မွတ်စလင်မ်ဖြစ်ရတာ ဂုဏ်ယူစရာ ဆိုတာက အဓိပ္ပာယ်ထွက်ပါတယ်၊ ကျန်တာတွေ ကလည်း သူ့ဘာသာသူဂုဏ်ယူလို့ ရပါတယ်၊ အစ္စလာမ်က လူသားကောင်းကျိုးလုပ်ဖို့ကိုပဲ တိုက်တွန်းတယ်၊ အကြမ်း ဖက်တာက အစ္စလာမ်နဲ့ ဘာမှမပက်သက်ဘူး၊ မွတ်စလင်မ်နဲ့ ဘာမှ မပက်သက်ဘူး၊ ဒီဟာလေးကို သိစေ ချင်တာပါ” ဟု အထပ်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသွားသည်။
ဆရာစိန်ဌေးဟန်သည် အသက်(၂၆) နှစ်အရွယ်တွင် စာပေနယ်ထဲသို့ ဝင်ရောက်လျှက်ရှိပြီး ရေးသားခဲ့သော စာအုပ်များမှာ (၁) ကုရ်အာန်ဟူသည်၊ (၂) အဆိပ်သင့်ကမ္ဘာအတွက် အိတ်ဖွင့်ကဗျာ၊ (၃) အရုဏ်ဦးအလှ ခွန်အား၊ (၄)အမေးရှိလာ ထိုအခါ၊ (၅) မွတ်စလင်မဖြစ်ရတာ ဂုဏ်ယူစရာ ဟု ၎င်းစာအုပ်များကို ယခုချိန်ထိ ရေးသားလျှက်ရှိကြောင်း ၊ ထပ်မံ၍လည်း ကဗျာစာအုပ်ထွက်ဖို့ရှိသေးကြောင်း သိရသည်။
သတင်း-ဇောင်းလေး (MMM)
ကော့သောင်း(မီဒီယာ)
No comments:
Post a Comment