Wednesday, June 18, 2014

လိမ်လည်ခြင်းရဲ့အကျိုးဆက် နှစ်ဌာနလုံး အရှုံးထွက်

လိမ်လည်ခြင်းရဲ့အကျိုးဆက် နှစ်ဌာနလုံး အရှုံးထွက်

နှစ်ဘဝသခင်ကျေးဇူးတော်ရှင် ကိုယ်တော်သခင် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) အမိန့်ရှိတော်မူခဲ့ပါတယ်။
မုချဧကန် မှန်ကန်ခြင်းဟာ စိတ်ချမ်းသာစေသော အရာဖြစ်ပြီး မုချဧကန် လိမ်လည်ခြင်းဟာ စိတ်ဇဝေဇဝါ သံသယဖြစ်ပေါ်နေစေမဲ့ အရာဖြစ်တယ်။ (မုစ်နဒ်အဟ်မဒ်ကျမ်း၊သိရ်မိဇီကျမ်း)

မလွဲဧကန် မှန်ကန်ခြင်းဟာ ကောင်းမှုကုသိုလ်တစ်ခုဖြစ်တယ်။ ကောင်းမှုကုသိုလ်ဆိုတာ မလွဲဧကန် ဂျန္နသ်ဘက်ကို လမ်းညွှန်သွားမှာဖြစ်တယ်။
၎င်းအပြင် လိမ်လည်ခြင်းဟာ မကောင်းမှုအကုသိုလ်ဖြစ်ပြီ မကောင်းမှုအကုသိုလ်ဟာ ဂျဟန္နမ်မီးဘက်ကို ခေါ်ဆောင်သွားမှာဖြစ်တယ်။ (မုစ်လင်မ်ကျမ်း)

မှန်ကန်ခြင်းသည်သာလျင် အိဇ္ဇသ် ဂုဏ်သိက္ခာဖြစ်တယ်။
မှန်ကန်ခြင်းဖြင့်သာ အောင်မြင်မှုအစစ်အမှန်ရရှိတယ်၊ ကိုယ်ကမှန်မှန်ကန်ကန်နေလိုက်လို့၊ မှန်မှန်ကန်ကန်လုပ်လိုက်လို့၊ အမှန်ကိုပြောလိုက်လို့  ဒွန်ယာမှာ အပေါ်ယံ ရှုံးသွားတယ်ထင်ရရင်လည်း ဒါဟာအောင်မြင်သွားတာပဲ၊ အင်န်ရှာအလ္လာဟ် ဒွန်ယာလောကမှာပဲ တစ်ရက်ပြန်ပြီး အလ္လာဟ့်ဘက်ကနေ စစ်မှန်တဲ့အောင်မြင်မှုကိုရရှိလိမ့်မယ်၊ အာခိရသ်မှာတော့ အမှန်တရားဟာ ကွက်ကွက်ကွင်းကွင်းပေါ်လာမှာဖြစ်တဲ့အတွက် သူဟာအာခိရသ်မှာလည်း အောင်မြင်တဲ့သူဖြစ်လိမ့်မယ်။

အဲဒါနဲ့ဆန့်ကျင်ဘက် လိမ်လည်တဲ့သူဟာ သိက္ခာမရှိသူပဲ။
သူလိမ်ပြီးတော့ဒွန်ယာမှာအောင်မြင်သွားပြီး ဆိုရင်လည်း ဒါဟာစစ်မှန်တဲ့အောင်မြင်မှုမဟုတ်ပါဘူး၊ သူကိုယ်တိုင် ငါဟာလိမ်ပြီးနိုင်သွားတာ ဆိုတာသိနေခြင်းဟာပဲ သူဟာတော်တော့်ကိုဆုံးရှုံးသွားပါပြီ၊ ရှေ့ကလူရဲ့မျက်စိအရှုမှာလည်း သူဟာတော်တော်လေး အောက်တန်းကျတဲ့အဆင့်ကိုရောက်သွားပါပြီ၊ ဒါတင်မကသေးဘူး၊ တမန်တော်ဟာလိမ်လည်ခြင်းကိုဆုံးရှုံးစေတယ် လို့မိန့်ထားတဲ့အတိုင်းသူဟာ ဒွန်ယာမှာပဲ တစ်ရက်ပြန်ပြီး သူ့ရဲ့လိမ်လည်မှုကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်ရဦးမှာအမှန်ပါ၊ နောင်အာခိရသ်မှာကတော့ လိမ်လည်မှုရဲ့ဆိုးကျိုးသက်ရောက်မှုကတော့ ကြီးမားတဲ့ အပြစ်ဒဏ်တွေကို သူခံစားရလိမ့်မယ်။

ဒါကြောင့် မှန်ကန်မှုကိုအကြောင်းခံကာ နှစ်ဌာနရဲ့အောင်မြင်မှုကို စွတ်ခူးသင့်ပြီး လိမ်လည်ခြင်းရဲ့အကျိုးဆက် နှစ်ဌာနစလုံး အရှုံးထွက် ဖြစ်စေမဲ့အခြေအနေကနေ ရှောင်ကြဉ်သင့်ပါတယ်။

အလ္လာဟ်အရှင်မြတ် လိမ်လည်ခြင်းဆိုတဲ့ရောဂါဆိုးကနေ ရှောင်ရှားနိုင်စွမ်း ချီးမြှင့်ပြီး မှန်ကန်သောသူများထဲမှာ ပါဝင်နိုင်စွမ်း ချီးမြှင့်ပေးသနားတော်မူပါစေ။ (အာမီးန်)
 
                                   Raihaan Akoojee | အလင်းမျက်ဝန်း 
                                        အီစလမ့်မီဒီယာ(ကော့သောင်း)
 

No comments:

Post a Comment