
ဗလီအ၀င်ပေါက် ညာဘက်အခြမ်းမှာတော့ အလံဖြူ တစ်ခု လွှင့်ထူထားလေရဲ့။ အလံမှာ ရေးထားတာကတော့ “ဤဗလီသည် မည်သည့်မဇဟဗ်ဝင်မဆို မွတ်စလင်အားလုံးအတွက်ဖြစ်သည်” တဲ့။ ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့ အထင်ကရ ကဗျာဆရာကြီး အလ္လာမာမုဟမ္မဒ်အိက္ကဗားရ်ရဲ့ မွတ်စလင်တွေကို သူတို့ရဲ့ ကွဲပြားခြားနားမှုတွေ ရှောင်ရှားပြီး ညီညွတ်ကြဖို့ တိုက်တွန်းကာ စစ်မှန်တဲ့ ၀တ်ပြုမှုကိုသာ အာရုံပြုစေဖို့ သတိပေးထားတဲ့ ကဗျာစာသား နှစ်ပိုဒ်ကိုလည်း ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ဆီမှာ ရှီအာ၊ စွန္နီ၊ ဒီယိုဗန်ဒီ၊ ဘရလ၀ီ၊ အဟ်လေ ဟဒီးဆ် စတဲ့ ကျောင်းတော်ဝါဒတွေ အတွက် ဗလီတွေ ရာနဲ့ချီပြီး ရှိနေကြပါတယ်။ ဒါပေမယ့် ကျောင်းတော်ဝါဒထက် မွတ်စလင်ကို ကိုယ်စားပြုတဲ့ ဗလီက မရှိသလောက်ပါပဲ”လို့ ဂိုဏ်းစွဲမဲ့ဗလီ အယူအဆကို ထောက်ပံ့သူ ဒေသခံ စီးပွားရေးသမား ဇာဟိဒ်အိက္ကဗားရ်က ဆိုပါတယ်။ ဒီ ဂိုဏ်းစွဲမဲ့ ညီညွတ်ရေးဗလီအိုင်ဒီယာကို ၂၀၁၀ ခုနှစ်မှာ ဇာဟိဒ်အိက္ကဗားရ်က အကောင်အထည်ဖော်ခဲ့ပြီး အစ္စလာမ်မာဘတ်မြို့ရဲ့ မာဂလ္လာဟ်တောင်ခြေရင်းမှာ တည်ဆောက်ခဲ့ပါတယ်။ စစချင်းကတော့ လုပ်ထုံးလုပ်နည်းပြဿတာတွေနဲ့ ရင်ဆိုင်ရပါတယ်။ အိက္ကဗားရ်ကို အနာဂတ် ဗလီရဲ့ စီမံခန့်ခွဲမှုမှာ အဟန့်အတားတွေကို ရှောင်ရှားဖို့ ကျောင်းတော်ဝါဒ(မဇဟဗ်)ကို ကြေညာပေးဖို့ အာဏာပိုင်တွေက အတင်းအကြပ်တောင်းဆိုပါတယ်။
“ကျွန်တော့်ကို ကျွန်တော့်ရဲ့ ကျောင်းတော်ဝါဒ(မဇဟဗ်)ကို ကြေညာခိုင်းနေကြတယ်၊ ကျွန်တော်သိတာ ကျွန်တော်ဟာ မွတ်စလင်ပဲ၊ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ဟဒီးဆ်ကို လိုက်နာကျင့်သုံးတယ်၊ ဒါပဲ၊ ဒါပေမယ့် အစိုးရအာဏာပိုင်တွေက မရဘူး ” လို့ ဇာဟိဒ်က ဆိုပါတယ်။ သူ့သူငယ်ချင်းတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ တခြား ဆန္ဒရှိသူတွေရဲ့ စုပေါင်း ထည့်ဝင်တဲ့ အလှူငွေ ရူပီး သန်း ၃၀ (ဒေါ်လာ ၃ သိန်း)ကို ဗလီဆောက်ဖို့ စီမံခန့်ခွဲရပါတယ်။ ဗလီမှာ လူပေါင်း ၃၅၀ စုပေါင်း ၀တ်ပြုနိုင်ပြီး ကျောင်းတော်ဝါဒအသီးသီး မဇဟဗ်အသွယ်သွယ်က စာအုပ်တွေကို စုပေါင်းထားရှိမယ့် ခေတ်မီစာကြည့်တိုက်ကြီးလည်း ရှိနေပါတယ်။ အမျိုးသမီးတွေအတွက်လည်း သီးသန့်နေရာပေးထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လူဦးရေ သန်း ၁၈၀ နေထိုင်ပြီး စွန္နီ ၈၅ ရာခိုင်နှုန်းရှိတဲ့ စွန္နီနိုင်ငံလည်း ဖြစ်ပါတယ်။ ရှီအာကတော့ ၁၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။
ပါကစ္စတန်နိုင်ငံဟာ နှစ်ပေါင်း ၃၀ အတွင်း စွန္နီ-ရှီအာ အပြန်အလှန်တိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာ သေကြေခဲ့ရတဲ့ သမိုင်းလည်းရှိတယ်။ အီရန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ဟာ မကြာခဏဆိုသလို ပါကစ္စတန်မြေမှာ သူတို့ရဲ့ ဂိုဏ်းဂဏတိုက်ပွဲတွေကို သဘောထားပြင်းထန်တဲ့ ရှီအာတွေနဲ့ စွန္နီအုပ်စုတွေအကြား ဖန်တီးပေးနေတယ်လို့ ပြစ်တင်ဝေဖန်ခံရပါတယ်။ … တံခါးတွေ ဖွင့်ထားတယ် … စပိန်ကော်တိုဘာ ဗလီကို အစွဲပြုမှည့်ခေါ်ထားတဲ့ “ကုတူဘာ”ဗလီမှာ ဂိုဏ်းအသီးသီးက ၀တ်ပြုသူတွေကို တံခါးဖွင့်ပေးထားပါတယ်လို့ ဇာဟိဒ်က ဆိုပါတယ်။
“မဇဟဗ်အသီးသီးက မွတ်စလင်တွေသာမကပဲ မွတ်စလင်မဟုတ်သူတွေလည်း ဒီကိုလာပြီး အလင်းတရားကို ရှာဖွေနိုင်ပါတယ်” “ကျွန်တော်တို့ကိုယ်တိုင်က လူမျိုးရေးအပေါ်မှာ အခြေခံနေမယ်ဆိုရင် ဒါဟာ အစ္စလာမ်အတွက် အလုပ်လုပ်နေတာမဟုတ်တော့ပါဘူး၊ တကယ်တော့ အဲဒီလိုပုံစံတွေမှာ အစ္စလာမ်ထက် ကျောင်းတော်ဝါဒကို ပိုနှစ်သက်နေကြတာ တွေ့ရမယ်”လို့ ဇာဟိဒ်က ဆိုပါတယ်။ “ဂိုဏ်းဂဏစွဲတွေနဲ့ မဇဟဗ်နာမည်တွေကိုင်ပြီး အချင်းချင်း မုန်းတီး သတ်ဖြတ်နေကြပြီးတော့ မွတ်စလင်မဟုတ်တဲ့သူတွေကို ဘယ်လို သတင်းစကားတွေ ဆောင်ကျဉ်းပေးကြမှာလဲ၊ ကျွန်တော်တို့တွေဟာ ကုရ်အာန်က သွန်သင်ထားတဲ့ လမ်းညွှန်ချက်တွေကို မေ့ထားကြပါတယ်။ ကုရ်အာန်က အလ္လာဟ့်ကြိုးတော်ကို ဆုပ်ကိုင်ထားကြဖို့ အချင်းချင်း ဂိုဏ်းဂဏမခွဲကြဖို့ လမ်းညွှန်ထားပါတယ်” လို့ ဇာဟိဒ်က ဆိုပါတယ်။
“ဒီဗလီကို ဆောက်ရတဲ့ရည်ရွယ်ချက်မှာလည်း ကျွန်တော်က လူတွေမေ့နေတဲ့ ဒီလမ်းညွှန်ချက်ကို ပြန်လည်အမှတ်ရစေချင်တာပါ” ဗလီမှာ နိုင်ငံတကာအစ္စလာမ်တက္ကသိုလ်(IIU)က မဟာဘွဲ့ရသူ အီမာမ်တစ်ဦးနဲ့ လက်ထောက်တစ်ဦးကို ခန့်အပ်ပြီး ဂေါပကအဖွဲ့က စီမံအုပ်ချုပ်ပါတယ်။ သူတို့နှစ်ဦးလုံးက စွန္နီတွေဖြစ်ပေမယ့် တကယ်လို့ ဒီဗလီမှာ ရှီအာအီမာမ်တစ်ဦးက ခေါင်းဆောင်မယ်ဆိုရင်လည်း သူတို့အတွက် ပြဿနာမရှိပါဘူးလို့ ဆိုပါတယ်။ “သောကြာနေ့ ခုသ်ဗာ တရားတွေမှာ လူမျိုးရေး ပြိုင်ဆိုင်မှုကို မီးမွှေးပေးမယ့် ဘာမဟုတ်တဲ့ ပြဿနာတွေကို ထည့်မပြောပါဘူး”လို့ အီမာမ်ဖြစ်သူ ကာရီဂျဟန်ဂီရ်က onislam ကို ပြောပြပါတယ်။
“ကျွန်တော်က အစ္စလာမ်ဟာ လက်တွေ့ကျတဲ့ ဘ၀တည်ဆောက်မှု လမ်းစဉ်ဆိုတာကိုပဲ အမြဲလိုလို ဟောပြောပါတယ်။ အစ္စလာမ်က တောင်းဆိုနေတဲ့ ကျွန်တော်တို့ရဲ့ ရိုသားမှုတွေ၊ ရိုးရှင်းမှုတွေ၊ ပရဟိတသဘောတရားတွေ၊ ဗဟုသုတဆာလောင် မွတ်သိပ်မှုတွေနဲ့ တခြား အရည်အချင်းတွေ ဘယ်မှာလဲ …ပျောက်ဆုံးနေပါပြီ” လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဇာဟိဒ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကတော့ ပရိသတ်ရဲ့ တုန့်ပြန်ချက်တွေအပေါ်မှာ အလွန့်အလွန် ပီတိဖြစ်နေကြပါသတဲ့။ “တကယ်တော့ ဒါဟာ လူတွေအတွက် အသစ်ပါပဲ။ သူတို့အိမ်နားက ဗလီမှာ ဂိုဏ်းစွဲဝါဒစွဲတွေ မရှိဘူးဆိုတာလဲ သိရော.. လူတွေ တဖွဲဖွဲ လာရောက်ကြပါတယ်၊ ဒေသခံတစ်ချို့ရဲ့ အာပေးမှုနဲ့ ထောက်ပံ့မှုတွေကို ရထားပါတယ်။ လူတွေက ဒီအိုင်ဒီယာကို ကြိုက်နှစ်သက်ပြီး ထောက်ခံကြပါတယ်” လို့ သူက ဆိုပါတယ်။ မဇဟဗ်အသီးသီးက လူတွေဟာ ဒီမှာ အတူတကွလာပြီး ၀တ်ပြုကြပါတယ်။ ဒါပေမယ့် အရေအတွက် အများကြီးတော့ မဟုတ်ဘူးပေါ့။
“လူနည်းလို့ ကျွန်တော်တို့ စိတ်မပျက်ပါဘူး၊ အများပြည်သူရဲ့ တုန့်ပြန်မှုတွေနဲ့ အားရှိနေပါပြီ၊ အင်ရှာအလ္လာဟ် မကြာခင် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် အလ္လာဟ် အောင်မြင်မှုပေး မှာပါ”လို့ ဇာဟိဒ်က ရှင်းပြပါတယ်။
Onislam.net တွင် ဖော်ပြပါရှိသော Aamir Latif ရဲ့ Pakistan’s Sect-free Mosque ကို စိုင်ဖုလ္လာဟ် (မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။
ကော့သောင်း(မီဒီယာ)
No comments:
Post a Comment