ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ် ယှဉ်တွဲ ဝတ်ပြုနိုင်မယ့် ဝတ်ကျောင်းတော် တစ်ခု ဂျာမနီ တည်ဆောက်ဖို့ စီစဉ်
ဘာသာတရား အသီးသီးက အတူယှဉ်တွဲ နေထိုင်ရေးကို ထိန်းသိမ်းတဲ့ အနေနဲ့ တမန်တော်အီဗရာဟင်မ်နဲ့ ဆက်နွယ်တဲ့ ဘာသာတရား ၃ ခု ယှဉ်တွဲ ဝတ်ပြုကြ မယ့် ကမ္ဘာ့ပထမဆုံး ဘာသာစုံ ဝတ်ကျောင်းတော်ကြီး တစ်ခုကို ၂၀၁၈ ခုနှစ်မှာ ဂျာမနီနိုင်ငံမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။“ကျွန်တော်တို့ရဲ့ ကလေးတွေကို မတူညီ ကွဲပြားမှုမှာ စံ သတ်မှတ်ချက်တွေ ရှိတယ်ဆိုတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင် စေချင်တာပါ” လို့ အဲဒီအစီအစဉ်ရဲ့ မွတ်စလင် ခေါင်းဆောင် အီမာမ် ကာဒရ်ဆန်စီက အင်ဒီပန်းဒန့်ကို ဇွန် ၈ ရက်နေ့က ပြောပါတယ်။
“House of One” လို့ အမည်ပေးထားတဲ့ ဘာသာပေါင်းစုံ ဝတ်ကျောင်းမှာ ဗလီ၊ ချပ်ခ်ျနဲ့ ရဟူဒီ ဘုရားကျောင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီမှာ တာဝန်ခံ မွတ်စလင် ခေါင်းဆောင် အီမာမ်၊ ခရစ်ယာန် ဘုန်းတော်ကြီးနဲ့ ရဟူဒီ ဘုန်းတော်ကြီး တို့လည်း ထားရှိသွားမှာ ဖြစ်ပါတယ်။
ဝတ်ပြုဆောင်တွေနဲ့ အတူ ဘာသာ တရားတွေအကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ ကြီးမား ကျယ်ပြန့်တဲ့ ခန်းမဆောင်ကြီးလည်း ပါဝင်မှာဖြစ်ပါတယ်။
ဘာလင်မြို့မှာ တည်ဆောက်မယ့် “House of One” ဟာ ယုံကြည်ချက် ပေါင်းစုံ ဆွေးနွေးပွဲတွေ အတွက် “သတိပေး” နှိုးဆော်မှုတစ်ခု၊ အစ္စလာမ် ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ အတွက် တွန်းလှန်မှု တစ်ခု ဖြစ်လာဖို့ မျှော်လင့်ကြောင်း အီမာမ် ကာဒရ်ဆန်စီက ပြောပါတယ်။
ဂျူးတွေ အတွက်ကလည်း ဟော်လိုကုတ်ကို မျက်မြင်ဖြစ်ခဲ့တဲ့ ဘာလင်မြို့မှာ ဘာသာ ၃ခု စုပေါင်း ဝတ်တက်နိုင်မယ့် အဆောက်အဦးဟာ မယုံနိုင်စရာ ဖြစ်နေပါတယ်။
“ဘာလင်ဟာ ဒဏ်ရာ အနာတရတွေနဲ့ အံ့ဖွယ် တန်ခိုးတွေ ပြည့်လျှံနေတဲ့ မြို့ပါပဲ” လို့ ဂျူးဘုန်းတော်ကြီး ရဗ္ဗီတိုဗန် ဘန်ချော်အင်က ပြောပါတယ်။
“ထာဝရ ဘုရားသခင်ကို ယုံကြည်ကြသူတွေရဲ့ ဘာသာတရားတွေ အတွက် အံ့သြစရာ အဆောက်အဦး ဖြစ်လာမယ့် စိတ်ကူးပါ၊ ညီညွတ်တဲ့ ကမ္ဘာကြီးအဖြစ် မကြာခင် ဒီနေ့ရာမှာ မြင်တွေ့ရပါတော့မယ်” ဟု ခရစ်ယာန် ဘုန်းတော်ကြီး ဟားဘတ်ဂ်က ဆိုပါတယ်။
အဲဒီ ဆောက်လုပ်ရေး ပရောဂျက်ကို ၂၀၁၆ ခုနှစ်မှာ စတင်ပြီး ၂၀၁၈ ခုနှစ်မှာ အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
အဲဒီ ဝတ်ပြုဆောင် ပရောဂျက်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ တည်ဆောက်မှာ ဖြစ်ပြီး ပေါင် ၃၅ သန်း ကုန်ကျမည်လို့ ခန့်မှန်းထားပါတယ်။
ဂျာမနီနိုင်ငံဟာ ဥရောပမှာ ပြင်သစ်နိုင်ငံပြီးရင် ဒုတိယ မွတ်စလင်အများဆုံး နိုင်ငံဖြစ်ပြီး အစ္စလာမ် ဘာသာဝင်တွေဟာ ဂျာမနီနိုင်ငံအတွင်းမှာ ပရိုတက်စတင့်နဲ့ ကတ်သိုလစ်ပြီးရင် တတိယအများဆုံး ဘာသာဝင် အုပ်စုဖြစ်ပါတယ်။
ဂျာမနီနိုင်ငံက မွတ်စလင်ဦးရေဟာ ၃.၈ သန်းမှ ၄.၃ သန်း အကြားရှိပြီး နိုင်ငံ လူဦးရေ ၈၂ သန်းရဲ့ ၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
Source : Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
မီဒီယာ(ကော့သောင်း)
No comments:
Post a Comment