အများအကျိုးပြုခြင်း
အများကောင်းကျိုးပြုခြင်းသည် ကောင်းမွန်မြင့်မားသော
အရည်အချင်းတစ်ခုဖြစ်သည့်အလျှောက် အောင်မြင်မှု၏လမ်းကြောင်းကိုလည်း
ပြသပေးသည်။ ခစ်သ်မသ်လုပ်ရင် အလ္လာဟ်ရမည်ဆိုသော စကားကို
သေချာပြန်လည်တွေးမြင်ကြည့်ပါက သဘောပေါက်နိုင်ပေသည်။ အကြင်သူအဖို့
အလ္လာဟ်အသျှင်မြတ်ကို ရရှိသွားမည်ဆိုလျှင် ထိုသူ့အဖို့ အရာအားလုံးကို
ရရှိသွားသလိုပင်ဖြစ်သည်။
သာမန်အားဖြင့် ထိုစကားကို ဦးနှောက်က လွယ်လွယ်လက်မခံနိုင်မည်မဟုတ်သော်ငြားလည်း စင်စစ်သာသနာရေးရာများကို လေ့လာမည်ဆိုပါက သိရှိနိုင်သည်။ အစ္စလာမ်သာသနာတော်တွင် လူသားအကျိုးပြုလုပ်ငန်းနှင့်စပ်လျှင်း၍ မြောက်များစွာသော အကျိုးကျေးဇူးများကိုတင်ပြထားသည်။ အလ္လာဟ်အသျှင်မြတ်၏ အဖန်ဆင်းခံများကို ပြုစုစောင့်ရှောက်ခြင်း၊ အဖန်ဆင်းခံများ၏ ဒုက္ခကို နှလုံးသားမှထပ်တူထပ်မျှ ခံစားခြင်းသည် အလ္လာဟ့်အသျှင်
မြတ်ကို ကျေနပ်နှစ်သက်စေခြင်း၏ အကြောင်းခံများဖြစ်သည်။ ထိုအတွက်ကြောင့် လူသားအကျိုးပြု လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပါဝင်လုပ်ကိုင်စေချင်ပါသည်။
တမန်တော်မြတ် (PBUH) အမိန့်ရှိသည်မှာ အဖန်ဆင်းခံများအားလုံးသည် အလ္လာဟ်အသျှင်မြတ်၏ အိမ်သူအိမ်သားများဖြစ်သည်။ ထိုအဖန်ဆင်းခံများထည်းတွင် အလ္လာဟ်အသျှင်အနှစ်သက်ဆုံးသောသူမှာ အဖန်ဆင်းခံများကိုများစွာအကျိုးပြုသောသူပင်ဖြစ်သည်။
တမန်တော်မြတ်(PBUH)အမိန့်ရှိသည်မှာ အီမန့်ရှင်ညီနောင်အချင်းချင်း တစ်ဦးကိုတစ်ဦး စာနာထောက်ထားကြပါ။ တစ်ဦးကိုတစ်ဦးစာနာ ထောက်ထားငှဲညှာမှုသနားမှုမှာ ခန္နာကိုယ်တစ်ခု၏ အစိတ်အပိုင်းများနှင့် အလားသဏ္ဍန်တူပေသည်။ အကယ်၍ ခန္နာကိုယ်၏ အစိတ်အပိုင်းတစ်ခုခု နာကျင်နေမည်ဆိုလျှင် ခန္နာကိုယ်တစ်ခုလုံးနာကျင်နေလိမ့်မည်။ ထိုအစိတ်ပိုင်း၏ ဝေတနာပျောက်ကင်းမှသာ ခန္နာကိုယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းမှု ရရှိပေလိမ့်မည်။
တမန်တော်မြတ်(PBUH)အမိန့်ရှိသည်မှာ အကြင်သူသည် မုစလ်မန်ညီနောင်တစ်ဦး၏ အရှက်သိက္ခာကို ဖုံးအုပ်ပေးမည်ဆိုလျှင် အလ္လာဟ်အသျှင်မြတ်သည် ဒွန္နယာ(လူ့လောက)အာခေရသ်(တမလွန်) နှစ်ဘဝနှစ်ဌာနလုံးတွင် ထိုသူ၏ အရှက်သိက္ခာကို ဖုံးအုပ်ပေးလိမ့်မည်။ အကြင်သူသည် မိမိမုစလ်မန်ညီနောင်၏ အခက်အခဲဒုက္ခကို ဝေးကွာအောင်ပြုလုပ်ပေးမည်ဆိုလျှင် အလ္လာဟ်အသျှင်မြတ်သည် ကေယာမသ်ကမ္ဘာ့တရားစီရင်မည့်နေ့တွင် ထိုသူ၏ ဒုက္ခအခက်အခဲများကို ဝေးကွာစေတော်မူမည်။
အကြင်သူသည် မိမိမုစလ်မန်ညီနောင်ကို ကူညီနေသမျှကာလပတ်လုံး အလ္လာဟ်အသျှင်မြတ်သည်လည်း ထိုသူ့အား ကူညီနေပေမည်။
တမန်တော်မြတ်(PBUH)အမိန့်ရှိသည်မှာ အားလုံးထက်သာပို၍ အကျိုးထူးသောအလုပ်မှာ မုအ်မင်န်တစ်ဦးကို ပျော်ရွှင်အောင်လုပ်ပေးခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ထိုသူ၏ အပြစ်အနာအဆာကို ဖုံးအုပ်ပေးခြင်း၊ ထိုသူ့ကို ဆာလောင်မှုမှ ဝေးကွာစေခြင်း၊ ထိုသူ၏ လိုအပ်ချက်
များကို ဖြည့်စွက်ပေးခြင်းတို့ဖြစ်သည်။
တမန်တော်မြတ်(PBUH)အမိန့်ရှိသည်မှာ အကြင်သူသည် မိမိမုစလ်မာန်ညီနောင်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ကြိုးစားမည်ဆိုလျှင် အလ္လာဟ်အသျှင်မြတ်သည် ထိုသူစတင်ထွက်ခွာသော ခြေလှမ်းမှစ၍ ပြန်ရောက်လာသည့်အချိန်ထိ ခြေလှမ်းတိုင်းခြေလှမ်းတိုင်းတွင် အကျိုးကုသိုလ် (၇၀) အား ရေးမှတ်စေတော်မူမည်။ ၎င်းအပြင် ပြစ်မှုဂိုနဟ်(၇၀)မှ ပလက်စေတော်မှုမည်။ ထိုသိုမိမိလက်ဖြင့် ပြီးမြောက်သွားမူ ပြစ်မှုဂိုနဟ်များ၏ ပလက်မှုမှာ အမိဝမ်းမှ ကျွတ်သောကလေးငယ်သဖွယ် အပစ်များမှကင်းစင်နေပေလိမ့်မည်။
ထိုသို့လိုအပ်ချက်များကို ဖြည့်စွက်ပေးနေချိန်တွင် ကွယ်လွန်သွားခဲ့ပါမှု စာရင်းအင်းစစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဂျန္နသ်ဥယာဉ်ပုံနန်းသို့ စံမြန်းရပေမည်။
တမန်တော်မြတ်(PBUH) အမိန့်ရှိသည်မှာ အကြင်သူသည် မိမိမုစလ်မာန်ညီနောင်တစ်ဦးကို ပျော်ရွှင်မှုပေးခဲ့မည်ဆိုလျှင် အလ္လာဟ်အသျှင်မြတ်သည် ထိုပျော်ရွှင်မှုကို ဖရိရှ်သာကောင်းကင်တမန်တစ်ပါးအဖြစ်ဖန်ဆင်းပေးလိမ့်မည်။ ထိုဖရိရှ်သာသည် အလ္လာဟ်အသျှင်မြတ်၏ အေဗာဒသ်ခဝပ်ကိုးကွယ်မှုတွင် မွေ့လျှော်နေပေမည်။ အလ္လာဟ်အသျှင်မြတ်၏ ကြီးကြယ်မှုများကို ပြောကြားနေပေမည်။ မိမိကွယ်လွန်သေဆုံးသွားသောအခါ ကဗရ်သင်္ချိုင်းသို့ ရောက်ရှိချိန်တွင် ပျော်ရွှင်မှုအစား ဖန်ဆင်းပေးလိုက်သော ဖရိရှ်သာသည် မိမိထံပါးရောက်လာ၍ ပြောမည်မှာ -အိုးလူသား အသင်ကျွန်ုပ်အား မမှိတ်မိပေလော။ ထိုအခါလူသားကပြောမည်မှာ အသင်မည်သူနည်း။ ဖရိရှ်သာက ပြန်လည်ဖြေကြားမည်မှာ ကျွန်ုပ်သည် ပျော်ရွှင်မှုဖြစ်သည်။ ထိုပျော်ရွှင်မှုမှာ အခြားမဟုတ်အသင်သည် မိမိညီနောင်တစ်ဦးကို ပေးခဲ့သော ပျော်ရွှင်မှုဖြစ်သည်။ ယခုကျွန်ုပ်သည် သင်၏ဆိုးရိမ်ထိန့်လန့်မှုများကို ပျော်ရွှင်ခြင်းများအဖြစ် ပြောင်းလည်းပေးမည့်အကြောင်းခံဖြစ်သည်။ ကေယာမသ်ကမ္ဘာ့တရားစီရင်မည့်နေ့တွင် ကျွန်ုပ်သည် အသင်နှင့်အတူရှိနေမည်။ အသင့်အတွက် အလ္လာဟ်အသျှင်မြတ်ထံပါးဝယ် အသနားခံပေးမည်။ ထိုပြင်ဂျန္နသ်သုခဘုံနန်းတွင် သင်၏ နေရာဌာနကိုလည်း ပြသပေးအုံးမည်။
ဆင့်ပြန်ချက်တစ်ရပ်တွင်လာရှိသည်မှာ တမန်တော်မူစာအာလိုက်ဟေ့စလာမ်သည် အလ္လာဟ်အသျှင်မြတ်ထံပါးတွင် မေးမြန်လျှောက်ထားသည်။ အိုးအလ္လာဟ်အသျှင် - ကျွန်တော်မျိုးအား အရှင်မြတ်၏ ဖန်ဆင်းခံများထဲတွင် အားလုံးထက်သာပို၍ အသျှင်မြတ်ချစ်မြတ်နိုးသောသူကို ပြပေးသနားတော်မှုပါဟု လျှောက်ထားလေရာ အလ္လာဟ်အသျှင်မြတ်အမိန့်ရှိတော်မှုသည်မှာ - အို မူစာ အဖန်ဆင်းခံများအာလုံးတွင် ငါအလ္လာဟ်အသျှင်မြတ်ချစ်မြတ်နိုးသောသူမှာ အကြင်သူသည် မိမိညီနောင်တစ်ဦး ဆူးစူးသောသတင်းကို ကြားပြီး မိမိကိုယ်တိုင် ဆူးစူးသကဲ့သို့ ခံစားရသောသူပင်ဖြစ်သည်။
တမန်တော်မြတ်(PBUH)အမိန့်ရှိသည်မှာ အကြင်သူသည် မုစ္စလင်မ်တစ်ဦး၏ ပူဆွေးသောကကို ဝေးကွာအောင်ပြုလုပ်ပေးပါက ထိုသူသည် ညစဉ်ညတိုင်း အလ္လာဟ်အသျှင်မြတ်၏ အေဗာဒသ်ခဝပ်ကိုးကွယ်မှုတွင် မွေ့လျှော်နေသောသူနှင့်အလား သဏ္ဍန်တူပေသည်။
အကြင်သူသည် မိမိညီနောင်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသမျှကာလပတ်လုံး အလ္လာဟ်အသျှင်မြတ်သည် ထိုသူ၏ လိုအပ်ချက်များကို ဖြည့်စည်းပေးနေတော်မှုမည်။ အသင်သည် ငါအလ္လာဟ်သျှင်မြတ်၏ ကျေးကျွန်၏ အလုပ်တွင်ပါဝင်လုပ်ကိုင်နေမည်ဆိုလျှင် ငါအသျှင်သည် သင်၏လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေပေမည်။
တမန်တော်မြတ်(PBUH) အမိန့်ရှိသည်မှာ အကြင်သူသည် တစ်ခြားသူများအပေါ် သနားညှာတာမည်ဆိုလျှင် အလွန်တရာမှ သနားညှာတာတော်မှုသော အသျှင်မြတ်သည် အသင့်အား သနားညှာတာတော်မှုမည်။
မြေပထဝီပေါ်ရှိ အဖန်ဆင်းခံများကို သနားကြင်နာမည်ဆိုလျှင် မိုးကောင်းကင်ပေါ်ရှိ ဖန်ဆင်းရှင်သည် သင့်အား သနားကြင်နာပေလိမ့်မည်။ ထိုအတွက်ကြောင့် အလ္လာဟ်အသျှင်မြတ်၏ ဖန်ဆင်းခံများအပေါ်သို့ သနားညှာတာမှုမရှိသမျှကာလပတ်လုံး ထိုသူ့အား မုစလ်မန်ဟုခေါ်ရန်ပင် မထိုက်တန်ပေ။ အလ္လာဟ်အသျှင်မြတ်၏ ဖန်ဆင်းခံများအပေါ် သနားညှာတာမှုမရှိဘဲ အလ္လာဟ်အသျှင်မြတ်၏ သနားညှာတာမှုကို မျှော်ကိုးနေခြင်းမှာ အဘယ်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ အလ္လာဟ်အသျှင်မြတ်၏ ဖန်ဆင်းခံများကို ချစ်မြတ်နိုးခြင်းသည် အီမန်၏ လိုအပ်ချက်ပင်ဖြစ်သည်။
အထက်တွင်တင်ပြခဲ့သော ဟဒီးစ်တော်များကို ဖတ်ရှုခြင်းဖြင့် အစ္စလာမ်သာသနာတော်တွင် အဖန်ဆင်းခံများအကျိုးပြုခြင်းနှင့်စပ်လျှဉ်း၍ အဘယ်မျှအကျိုးကျေးဇူးများ ရရှိမည်ကို မှန်းစနိုင်ပေသည်။ သိုပါ၍ အဖန်ဆင်းခံများကို အကျိုးပြုခြင်းဒုက္ခအခက်အခဲများကို ကူညီခြင်းသည် အလွန်တရာမှ ကြီးမားသောအကျိုးကုသိုလ်များဖြစ်သည်။ အလ္လာဟ်အသျှင်မြတ်ကို အလွန်တရာမှချစ်မြတ်နိုးတော်မူသည်။
အဖန်ဆင်းခံများအပေါ် စာနာထောက်ထားခြင်း၊ ငှဲညှာသနားခြင်းဟုသော ကောင်းချင်းလက္ခာများသည် လူသားနှင့် သတ္တဝါ၏ ခြားနားချက်ပင်ဖြစ်သည်။ စံပြလူရည်ချွန်တို့မည်သည်မှာ မိမိ၏ပျိုရွယ်သော သက်တမ်းကို လူသားအကျိုးပြုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်သူဖြစ်သည်။ မိမိကိုယ်ကျိုးအတွက်သာလုပ်ပြီး ဘဝသက်တမ်းကို ကုန်ဆုံးသော သူတို့မှာ စံပြလူရည်ချွန်မည်သို့ဖြစ်နိုင်ပါမည်နည်း။
မိမိကိုယ်ကျိုးအတွက်လည်းလုပ်ရင်း အခြားသူများ၏ကောင်းရာကောင်းကျိုးကိုပါပြုလုပ်သောသူ၏ ဘဝသက်တမ်းသည် တန်ဖိုးရှိလှသော ဘဝသက်တမ်းဖြစ်သည်။ အလ္လာဟ်အသျှင်ကျွန်ုပ်တို့အားလုံးကို လူသားအကျိုးပြုလုပ်ငန်းများတွင် သေတဖန်သက်တစ်ဆုံးပြုလုပ်နိုင်စွမ်းပေးသနားတော်မူပါစေ။ ။အာမိန်း

ဆရာစည် | အလင်းမျက်ဝန်း
အီစလမ့်မီဒီယာ(ကော့သောင်း)