Tuesday, July 1, 2014

ရမဇာန်အကြို မှာတမ်း

ရမဇာန်အကြို မှာတမ်း

ရမဇာန်လမြတ်သည် အလွန်အင်မတန်မှ ဗရ်ကသ်မင်္ဂလာနှင့် ပြည့်စုံသော လတစ်လဖြစ်ပေသည်။ ထိုလမြတ်တွင် နေ့အခါ၌ ရိုဇာဥပုဒ်စောင့်ထိန်းခြင်းသည် ဖရဇ်ဖြစ်၍ ညအခါ၌ သာရာဝီးဟ်နမားဇ်ဝတ်ပြုခြင်းသည် စန္နသ်ဖြစ်ပေသည်။
ထို့ပြင်ဤလမြတ်တွင် ထူးကဲမွန်မြတ်သော ညတစ်ညလည်းပါဝင်ပေသည်။ ထိုညတွင် နိုးကြား၍ အေဗာဒသ်လုပ်ခြင်း၏ အကျိုးကုသိုလ်မှာ လပေါင်းတစ်ထောင်ထက် သာမြတ်လေသည်။

ထိုလမြတ်တွင် ကောင်းမှုတစ်ခုတိုင်း၏ အကျိုးကုသိုလ်မှာ အဆပေါင်းခုနှစ်ဆယ်တိုး၍ ရရှိပေသည်။ ဤလမြတ်တွင် ဂျန္နသ်၏ တံခါးများကိုဖွင့်ထားပေးပြီး ဂျဟန္နမ်၏ တံခါးများကို ပိတ်ထားလေသည်။

ထို့ပြင် ဆိုးသွမ်းသောရှိုင်သွာန်မိစ္ဆာကောင်များကို ချုပ်နှောင်ထားလေသည်။ ထိုအရာများအားလုံးသည် အလ္လာဟ်အသျှင်မြတ်၏ ရဟ်မသ်မဟာသနားဂရုဏာတော်နှင် မဂ်ဖေရသ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၏ အကြောင်းခံများပင်ဖြစ်ပေသည်။

နေ့စဉ်ဖရှိရ်သာ ကောင်းကင်တမန်များဖြင့် ကြေငြာခိုင်းစေသည်မှာ -

အို - အကောင်းလိုလားသူတို့ ကောင်းမှုများကို ရှေ့သို့တိုး၍ ပြကြကုန်။

အို - မကောင်းမှုပြုလုပ်သူတို့ မကောင်းမှုများကို ရပ်တန်းကရပ်၍ ကောင်းခြင်းဖက်သို့ လှည့်ကြကုန်။ မိမိအရှင်၏ အမိန့်တော်များကို နာခံ၍ ဘဝသက်တမ်းကို ကုန်ဆုံးကြကုန်။

မွန်မြတ်လှသော ရမဇာန်လမြတ်သည် မိမိ၏ ဘဝသက်တမ်းကို ကောင်းခြင်းများဖက်သို့ လှည့်ရန်၊ မိမိနှလုံးသားကို အလ္လာဟ်အရှင်မြတ်ဖက်သို့ လှည့်ရန် ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်ရန် ဂျန္နသ်သုခဘုံနန်းသို အရှင်မြတ်ချီးမြင့်ပေးသနားမှုကို ရယူရန် အကောင်းဆုံးသော အချိန်ပင်ဖြစ်ပေသည်။

ဤလမြတ်သည် မိမိ၏ဘဝသက်တမ်း နောက်ဆုံးကြုံကြိုက်ခွင့်ရသော လမြတ်လည်းဖြစ်နိုင်ပေသည်။ သေဆုံးကွယ်လွန်ပြီးနောက် သိန်းသန်းမက မျှော်လင့်တောင်းတမှုဖြစ်ကာ တစ်ချိန်တစ်ခါလောက် စဂ်ျဒါပြုလုပ်ချင်သည်ဖြစ်စေ၊ တစ်ကြိမ်တစ်ခါလောက် စွဗ္ဗဟားနလ္လာဟ်ရွတ်ဖတ်ချင်သည်ဆိုပါရင်လည်း အကျိုးကုသိုလ် မရရှိနိုင်ပေ။

ဤကဲ့သို့သောအခွင့်ထူးကို နောက်တစ်ခါပြန်၍ မရရှိနိုင်ပေ။ ထိုမွန်မြတ်ထူးကဲလှသော လမြတ်တွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရယူသင့်ပေသည်။ လုံးလဝရိယဖြင့် ရိုဇာဥပုဒ်စောင့်ထိန်းခြင်း သာရာဝီးဟ်နမားဇ်ဝတ်ပြုခြင်းများကို တစ်စိုက်မက်မက် ပြုလုပ်သင့်ပေသည်။ ထိုအေဗာဒသ်များပြုလုပ်ရန် အမိန့်ပညတ်ချက်များမှာ ကျွန်ုပ်တို့၏ အကျိုးအတွက်သာလျှင်ဖြစ်ပေသည်။ သို့မှသာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်မဟာသနားဂရုဏာတော်များကို ခံစားခွင့်ရရှိနိုင်ပေမည်။

ထိုအမိန့်ပညတ်ချက်များမရှိဘူးဆိုလျှင် မွန်မြတ်သောလမြတ်၏ တန်ဖိုးရှိသောအချိန်များမှာ မေ့လျှော့ခြင်းနှင့်သာ ကုန်ဆုံးသွားပေမည်။ ထိုကဲ့သို့မေ့လျှော့ခြင်းသည် ကောင်းခြင်းများမှ လက်မဲ့ဖြစ်ခြင်းမှလွဲ၍ ဘာမှမရှိပေ။

ဗလီတွင် သက္ကဗီးရ်အူလာနှင့်နမားဇ်ဆေက်တည်ရန် အရေးကြီးပေသည်။ မည်သည့်နမားဇ်ကိုမှ ဂျမာအသ်နှင့်မလွတ်ပါစေနှင့်။ အိမ်တွင် အိဖ်သာရ်ဝါဖြေရန် ပြင်ဆင်ခြင်းကြောင့် ဗလီတွင် ဂျမာအသ်ကို မလွတ်မိပါစေနှင်။

ကလီမာသွိုင်ယေဘာ၏ ဇိကိရ်၊ ဒူရူးဒ်ရှရီးဖ်၊ သောင်ဗဟ် အိစ်သေ့ဂ်ဖါများကို များမြောင်စွာဖတ်သင့်ပေသည်။ မည်သည့်အချိန်ကိုမဆို ဇိကိရ်သေလာဝသ်နှင့် လက်မဲ့မဖြစ်ပါစေနှင့်။

ကျမ်းတော်မြတ်ကုရ်အာန်၏ သေလာဝသ်ကို တစ်စိုက်မက်မက်ပြုလုပ်သင့်ပေသည်။ စာလုံးတစ်လုံးတိုင်းတစ်လုံးတိုင်းတွင် အကျိုးကုသိုလ်တစ်ရာရရှိပေသည်။

ရိုဇာဟ်ဥပုဒ်စောင့်ထိန်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ သက္ကဝါတရားရယူခြင်း (ဂိုနာပြစ်မှုဒုစရိုက်များမှ ရှောင်ကျဉ်ခြင်း)ဖြစ်ပေသည်။ ဂိုနာပြစ်မှုဒုစရိုက်များကို မရှောင်ကျဉ်ဘဲ ရိုဇာဥပုဒ်စောင့်တည်ခြင်းသည် အချီးအနှီးသာဖြစ်ပေသည်။

မျက်လွှာအရှုကို ဂိုနဟ်အကုသိုလ်များမှ ရှောင်ကျဉ်ရပေမည်။ နှုတ်လျှာကို အထူးထိန်းသိမ်းရပေမည်။ ခြေ၊လက်၊ နှလုံးသား၊ ဦးနှောက်စသည်များကိုလည်း ဂိုနာဟ်အကုသိုလ်များမှ ရှောင်ကျဉ်ရပေမည်။ စားခြင်းသောက်ခြင်းကို ရိုဇာဟ်ဥပုဒ်စောင့်ထိန်းသကဲ့သို့ ပြစ်မှုဒုစရိုက်များကိုလည်း ရိုဇာဟ်ဥပုဒ်စောင့်ထိန်းရပေမည်။ စားခြင်းသောက်ခြင်းသည် အိဖ်သာရ်ဝါလွတ်ချိန်ကုန်ဆုံးသွားသောအခါ ဟလာလ်ပြုပိုင်သည်ဆိုသော်ငြားလည်း ဂိုနာဟ်အကုသိုလ် ပြစ်မှုဒုစရိုက်မှာမူ မည်သည့်အချိန်မှ မပြုပိုင်သောကိစ္စဖြစ်လေသည်။ ရမဇာန်လတွင်မက မည်သည့်လမှာမဆို အမြဲတမ်းအတွက် ဟရမ်ဖြစ်လေသည်။ သို့ဆိုသော ဒီနေရာတွင်ကျွန်ုပ်တို့စဉ်းစားချင့်ချိန်သင့်သည်မှာ တစ်နှစ်ပါတ်လုံး ပြုပိုင်သော စားခြင်းသောက်ခြင်းကို ရမဇာန်လထောက်ရှုပြီးအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသောအားဖြင့် စားခြင်းသောက်ခြင်းကို စွန့်လွတ်သည်ဆိုလျှင် တစ်နှစ်ပတ်လုံးလုံးပြုမပိုင်သော ဂိုနာဟ်အကုသိုလ်များကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံသောအားဖြင့် ရှောင်ကျဉ်ရန်မှာ ပို၍ပို၍ပင် အရေးကြီးပေသည်။

အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်မဟာသနားဂရုဏာတော်၊ မဂ်ဖေရသ်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံရာတွင် တစ်ဦးထက်တစ်ဦး ဆထက်တစ်ပိုးတိုး၍ ကြိုးစားရယူသင့်ပေသည်။

မိမိလုပ်ငန်းခွင်များကိုလည်း အတတ်နိုင်ဆုံး အမြန်ဆုံးပြီးအောင်လုပ်ပြီး အတတ်နိုင်ဆုံး များသောအားဖြင့် အချိန်များကို ဗလီ၌သာကုန်ဆုံးသင့်ပေသည်။ မိမိ၏အလုပ်သမားများကိုလည် ဤလတွင် သက်ညှာစွာခိုင်းသင့်ပေသည်။

မိမိ၏ အိမ်နားနီးချင်းများ၊ သူဆင်းရဲများကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ခေသမသ်လုပ်ခြင်းသည်လည်း ဤလမြတ်၏ ထူးခြားသောကောင်းမှုတစ်ခုဖြစ်လေသည်။ ဟဒီးစ်တော်တွင်လာရှိသည်မှာ တမန်တော်မြတ်(PBUH)သည် လမြတ်ရမဇာန်ကို ရောက်လျှင် တစ်ခြားလများထက် သာပို၍ ပေးကမ်းရက်ရောလေသည်။

အိဖ်သာရ်ဝါဖြေသောအခါတွင်လည်း သူဆင်များကိုပါ ပါဝင်စေသင့်သည်။ ပစ္စည်းပစ္စယာများလည်း ကူညီသင့်ပေသည်။ သို့မှသာ သူဆင်းရဲများလည်း လမြတ်ရမဇာန်ကို စိတ်အေးချမ်းစွာဖြင့် ကုန်ဆုံးနိုင်ပေမည်။

ဤလမြတ်တွင် ဆုမွန်ဒိုအာများကို များမြောင်စွာ တောင်းသင့်ပေသည်။ အီမန့်ရှင်များကို ကမ္ဘာအလည်တွင် ဂုဏ်သိက္ခာရရှိရေး၊ သာသနာ့ပညာရှင်များ၊ ဗလီဝတ်ကျောင်းတော်များ၊ သာသနာ့အဆောက်အအုံးများကို အလ္လာဟ်အရှင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ညှင်းပမ်းနှိပ်စက်ခံနေရသော အီမန့်ရှင် မုစလ်မာန်များကို အလ္လာဟ်အရှင်ဖက်တော်မှ အမြန်ဆုံးအကူညီရရှိရေး၊ အွမ္မသ်သူအွမ္မသ်သားများအားလုံးကို ဂျဟန္နမ်ငရဲမီးဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး စသည်တို့ကို အထူးပင် ဒိုအာပြုလုပ်သင့်သည်။

ဤမွန်မြတ်ထူးကဲလှသော လမြတ်ရမဇာန်ကို ကျွန်ုပ်တို့အားလုံး အကျိုးရှိရှိ အသုံးချနိုင်စွမ်း၊ အလ္လာဟ်အရှင်မြတ်၏ အမလ်အေဗာဒသ်များ ပြုလုပ်ရင် ကုန်ဆုံးနိုင်စွမ်း အလ္လာဟ်ရှင် ချီးမြှင့်ပေးသနားတော်မူပါစေ။ (အာမီးန်)
 
 
                                              ဆရာစည် | အလင်းမျက်ဝန်း
 
                                            အီစလမ့်မီဒီယာ(ကော့သောင်း)

1 comment: