လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( 1 )
بسم اللہ الرحمن الرحیم
ရမဿွာန်လသည် အလ္လာဟ်အရှင်မြတ်၏ မဂ်ဖိရသ်(လွတ်င်ြမ်းချမ်းသာခွင့်ပေးမှု) ရဟ်မသ်(ဂရုဏာသက်ရောက်မှု)၏ လဖြစ်သည်။ ယင်းရမဿွာန်လတွင် ကဒရ်ညဟုခေါ်သော ညတစ်ညရှိပြီး ယင်းညသည် လပေါင်းတစ်ထောင်ထက်သာသော ညတစ်ညဖြစ်သည်။
ဟဒီးဆ်တော်တစ်ပုဒ်တွင် လာရှိသည်မှာ " ရမဿွန်လသည် လများအားလုံး၏ ခေါင်းဆောင်ဖြစ်ပြီး ဂျုမူအဟ်နေ့သည် နေ့များအားလုံး၏ ခေါင်းဆောင်ဖြစ်သည်။ (သွဗ်ရာနီကဗီးရ်ကျမ်း)
ရမဿွန်လသည် အလွန်ပင်ဗရ်ကသ်(မင်္ဂလာ)ရှိသော လတစ်လဖြစ်သည်။ အကယ်၍ ဤရမဿွန်လအား တန်ဖိုးထားပြီး ၎င်းလ၏ ပညတ်ချက်အားလုံးကို လိုက်နာခဲ့လျှင် တစ်နှစ်ပတ်လည်လုံး လုပ်ခဲ့သည့် ဂိုနဟ်စွဂီရဟ် (သေးငယ်သောပြစ်မှု)များအား ပလပ်ပေးမည့် လတစ်လဖြစ်သွားပေမည်။
ဤရမဿွန်လတစ်လ၏ အေဗာဒတ်ကြောင့်ရှေ့လာမည့် လများအားလုံး၏ မပြောပလောက်သော ဂိုနဟ်ငယ်လေးများ ခွင့်လွှတ်ပေးခြင်း ခံရပေမည်။
ဟဒီးဆ်တော်တစ်ပုဒ်တွင်လာရှိသည်မှာ - ရမဿွန်လတစ်လသည် နောက်လာမည့် ရမဿွန်လတစ်လထိ ဂိုနဟ်အပေါင်းအား ပလပ်ပေးမည် သို့သော် စည်းကမ်းချက်တစ်ခုမှာ ဂိုနဟ်ကဗီရဟ် (ကြီးမားသော ပြစ်မှု)များမှ ရှောင်ကြည်ရမည်။ (ကန်ဇွလ် အွမ္မားလ်ကျမ်း၊ အတွဲ(၈) စာမျက်နှာ-၄၆၆)
ဆင့်ဆိုချက်တစ်ရပ်တွင်လာရှိသည်မှာ - နှစ်ဘဝသခင်ကိုယ်တော်မြတ်ကြီး (صَلَّي اللهُ عَلَيْهِ وَسَلَّمْ)သည် ရမဿွာန်လမြတ်ရောက်ရှိလာသောအခါ၌ မိန့်တော်မူသည်မှာ အသင်တို့ထံသို့ မင်္ဂလာရှိသော ရမဿွာန်လမြတ်ရောက်ရှိလာချေပြီ၊ ယင်းလမြတ်တစ်ခုလုံးသည် ကောင်းမွန်လှသည်။ ဤလတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် မိမိဂရုဏာတော်များ၏ ခြုံထည်ကို လွှမ်းခြုံပေးထားတော်မူသည်။ အသင်တို့၏ ဂိုနဟ် (ပြစ်မှုများ)အား ခွင့်လွှတ်ပေးသနားတော်မူသည်။ အသင်တို့၏ ဒိုအာ(တောင်းဆုတော်များ)အား လက်ခံပေးသနားတော်မူသည်။ အရှင်မြတ်သည် အသင်တို့ ဤလမြတ်၌ အဘယ်မျှ ကောင်းမှုများပြုသည်၊ အဘယ်ကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်(ကောင်းမှုများ)အပြိုင်အဆိုင် ပြုလုပ်ကြသည်ကို ရှုစားတော်မူမည်။ ပြီးနောက်အသင်တို့၏ ကောင်းမွန်သော အအ်မားလ်(ကျင့်ဆောက်တည်မှုများ)အပေါ် အရှင်မြတ်သည် ဖရစ်ရှ်သဟ်(ကောင်းကင်တမန်များ)ရှေ့ဝယ် ဂုဏ်ယူတော်မူသည်။ ဤအတွက်ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ရှေ့တော်မောက်သို့ ကောင်းမွန်သော အအ်မားလ်(ကျင့်ဆောက်တည်မှုများ) တင်ဆက်ကြလေကုန်၊ ဤလမြတ်တွင် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်(မဟာဂရုဏာတော်)မှ လက်မဲ့ဖြစ်သွားသောသူသည် အလွန်ပင်နဖူးစာဆိုးသောသူဖြစ်သည်။ (ကန်ဇွလ်အွမ္မားလ်ကျမ်း၊ အတွဲ(၈)၊ စာမျက်နှာ(၄၆၇) ဟဒီးဆ်နံပါတ်၂၃၆၉၂)
" အလ္လာဟ်အရှင်မြတ်၏ အကူအညီနှင့် ဤတွင်
အပိုင်း(၁) ပြီးဆုံးသွားပါပြီ၊ အင်န်ရှာအလ္လာဟ် လာမည့်အပိုင်းဆက်များအား
ဆက်လက်တင်ပြပေးသွားပါမည် "
မဲလ်ကွမ်အက်စ် | အလင်းမျက်ဝန်း
အီစလမ့်မီဒီယာ(ကော့သောင်း)
No comments:
Post a Comment