Tuesday, July 1, 2014

ရိုဇာနှင့် လူမှု့ဆက်ဆံရေး

ရိုဇာနှင့် လူမှု့ဆက်ဆံရေး

အစ္စလာမ်သည် အလယ်အလတ် ကျင့်ကြံရသော အစွန်းမရောက်သော သာသနာဖြစ်သည်။ မျှတစွာ ကျင့်ကြံနေထိုင်ရသည်။ သူဆင်းရဲများကို ကောင်းစွာ ဆက်ဆံရန် သွန်သင် ဆုံးမ ပဲ့ပင်ထားပါသည်။
ဝမ်းပြည့်နေသူသည် သူဆင်ရဲကျောမွဲလူတန်းစား၏ ဒုက္ခကို စာနာတတ်ရန် မလွယ်ကူပေ။ ကိုယ်က ဗိုက်ပြည့်နေလျှင် စာရမယ်၊ သောက်ရမယ်တို့ကို နားလည်ပေးနိုင်မည် မဟုတ်ပါ။

ရိုဇာသည် အစ္စလာမ်သာသနာဝင်များကို မေတ္တာ ဂရုဏာသွန်းလောင်းပေးသည်။ သူဆင်းရဲများကို ပြုစုပေးသည့် နည်းစနစ်ကို လေ့ကျင့်ပေးသည်။

ဤအချက်များသည် အစ္စလာမ့်လူနေမှု့ဘဝ၏ အခန်း ကဏ္ဏတစ်ရပ်ဖြစ်သည်။ အနောက်နိုင်ငံများ၌ ဆင်ရဲမွဲတေသူများ ကိုကူညီရန် မရေမတွက်နိုင်သော ဥပဒေများ ပြဌာန်းကြသည်။

သို့သော် ခေါင်းပုံဖြတ် ကိုယ်ကျိုးရှာမှု့များသည် အနောက်နိုင်ငံများ၌ အစဉ်အမြဲ ရှိမြဲရှိနေသည်။

တရုတ်နိုင်ငံ လွတ်လပ်ရေးခေါင်းဆောင် မော်စီတုန်းက တရုတ်နိုင်ငံ လူနေမှု့ဘဝပြဿနာနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာ၌ ဤသို့အလေးပေး ပြောဆိုခဲ့သသည်။

ကိုယ်ကိုတိုင် ထမင်းဝအောင်စားနေရလျှင် မိမိရဲ့အိမ်နီးနားချင်းများနှင့် စားရမဲ့များကိုလည်း မျှဝေစားသုံးကြ။ ကိုယ်က အငတ်ခံပြီး ဆာလောင်မွတ်သိပ်နေသူများကို ကျွေးတတ်အောင် ကြိုးစားကြ။

ဤအချက်သည် စင်စစ် မောစီတုန်း၏ ဒဿနမဟုတ်ပါ။ အစ္စလာမ့် အဆုံးအမမှ ဖြစ်ပါသည်။

အစ္စလာမ်သည် ဆင်းရဲကျော်မွဲ လူတန်းစားတို့ အားကိုးအားထားပြုရာဖြစ်၏။

လူကုန်ထံတို့၏ အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသည်။ အစ္စလာမ့်က စီးပွားရှာဖွေခြင်းကို မဆန့်ကျင်သည့် အပြင် ရှာဖွေသုံးစွဲပုံကိုပင် ဆင်းရဲသားဝေစုအတွက် ခွဲဝေပုံစည်းစနစ်များပင် သတ်မှတ်ထားပါသည်။ အကြင်သူသည် အစ္စလာမ့် အမိန့်ပညတ်တော်များကိုသာ အမှန်တကယ် လိုက်နာမည်ဆိုလျှင် မည်သည့် ဖောင်ဒေးရှင်းမှ လိုမည် မဟုတ်ပေ။

" စွန္နသ်တော်နှင့် ခေတ်သိပ္ပံ စာအုပ်မှ ရှာဖွေတင်ပြသည် "
 
 
လန်ဗားကြီး | အလင်းမျက်ဝန်း
 
                                     အီစလမ့်မီဒီယာ(ကော့သောင်း)

ဂျဟန္နမ်မှ လွတ်ကင်းရန် ကျင့်စဉ်

ဂျဟန္နမ်မှ လွတ်ကင်းရန် ကျင့်စဉ်

သာဝကကြီး အစ်ဗ်နို့ အဗ်ဗားစ် သခင်က မိန့်တော်မူသည်၊ ရစူလွလ္လာဟ်ဆွလ္လလ္လာဟု အလိုင်းယ်ဟိဝစလ္လမ် ကိုယ်တော်သည် ဆွဟာဗာသခင်ကြီးများကို အာယသ်တော်များ သင်ပြ သကဲ့သို့ ဒုအားများကိုလည်း သင်ပြပေးတော်မူသည်။
ကိုယ်တော်သည် မူစလင်မ် မည်သော စဟာဗီ အား သင် ပြပေးတော်မူသည်မှာ မဂ်ရီဗ် နမားဇ်ပြီးနောက် မည်သူနှင့်မျှ စကားမပြောခင် အလျှင်
[ အလ္လာဟူးမ္မ အဂျိရ်နီ မိနာနနာရ် ]
 အဓိပ္ပယ် အို အလ္လာဟု အရှင်မြတ် ကျွန်တော်မျိုးအား ဂျဟန္နမ် မီးဘေးမှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူပါဟူ၍ ( ၇ ) ကြိမ် ရွတ်ဆိုလျှင် အကယ်၍ ထိုည၌ သင်သေဆုံးလျှင် ဂျဟန္နမ် မှ လွတ်ကင်းမှုရမည်။
ဖဂျရ် နမားဇ် ပြီးနောက် မည်သူနှင့်မျှ စကားမပြောခင်အလျှင် ( ၇ ) ကြိမ် ရွတ်ဆိုလျှင် အကယ်၍ ထိုနေ့၌ သင်သေခဲ့သည် ရှိသော ဂျဟန္နမ်မှ လွတ်ကင်းမှုရမည်။ ( အဘူဒါဝူးဒ်ကျမ်း )

ကိုယ်တော်က မိန့်တော်မူသည်မှာ အကြင်သူသည် အလ္လာဟု အရှင်မြတ်ထံ ( ၃ ) ကြိမ် ဂျန္နသ်ကို တောင်းဆိုလျှင် ဂျန္နသ်က ထိုတောင်းဆိုသူ အတွက် အလ္လာဟုအရှင်မြတ်ထံ ဒုအာ ပြုသည်မှာ
[ အလ္လာ ဟူးမ္မ အဒ်ခိလ်ဟွလ် ဂျန္နတ ]
 အဓိပ္ပယ် (အို အလ္လာဟုအရှင်မြတ် ဤသူကို ဂျန္နသ်သို့သွင်းတော်မူပါ)
၎င်း အကြင်သူသည် ဂျဟန္နမ် မှ လွတ်ကင်းရန် ( ၃ )ကြိမ် တောင်းဆိုလျှင် ဂျဟန္နမ်က ထိုသူအတွက် အလ္လာဟု အရှင်မြတ်ထံ ဒုအာ ပြုပေး သည်မှာ
[ အလ္လာ ဟူးမ္မ အဂျိရ် ဟု မိ နာန် နားရ် ]
 အဓိပ္ပယ် (အို အလ္လာဟု အရှင်မြတ် ဤသူ့ကို ဂျဟန္နမ် မှ ဖယ်ရှားပေးတော်မူပါ။ (တရ်ဂီးဗ်ကျမ်း)
မွတ်စ်လင်မ်တိုင်း ဂျန္နသ်ကို မက်မောစိတ် ဂျဟန္နမ်ကို ကြောက်စိတ် ရှိကြပါစေ။
 
 
မင်းခန့်ကျော် | အလင်းမျက်ဝန်း
 
                                       အီစလမ့်မီဒီယာ(ကော့သောင်း)

ခေတ်စားနေသော ဖသ်ဝါမေးမြန်းခြင်း

  ခေတ်စားနေသော ဖသ်ဝါမေးမြန်းခြင်း

ဖသ်ဝါ
ဒီစကားလုံးက ယနေ့ခေတ်နှင့် သိပ်မစိမ်းသော စကားရပ် တခုဖြစ်ပေလိမ့်မည်။ ဖသ်ဝါမေးခြင်းကို ဖက်ရှင် တခု အနေနှင့် လုပ်နေကြသော ကျနော်တို့ ပိုပြီးရင်းနှီးနေပါလိမ့်မည်။

ကျနော်၏ ရေးသားချက်ကို စာဖတ်သူအနေနှင့် ကန့်ကွက်ကောင်း ကန့်ကွက်ပေမည်။ အဘယ်ကြောင့် ကျနော် ထိုကဲ့သို့ ရေးပါသနည်း။ သေချာ စဉ်းစားချင့်ချိန်ကြည့်ကြပါစို့။

ကျနော်တို့ ဖသ်ဝါတော့ မေးလိုက်ကြပါသည်။ ဧကန်စင်စစ် လိုက်နာကျင့်သုံးသောသူ မည်မျှရှိပါသနည်း။ မွတ်စ်လင်မ်များ ပုံစံအမျိုးမျိုးဖြင့် ဖသ်ဝါမေးကြပါသည်။ သို့သော် ပြဌာန်းချက် အတိုင်း အဘယ်မျှ လိုက်နာ ကျင့်သုံးကြပါသနည်း။
အဘယ်ကဲ့သို့သော် နိယသ်ဖြင့် မေးကြပါသနည်း။ မိမိကို တပါးသူက ဘာသာရေးလေးစားသူဟု ထင်စေချင်သောကြောင့်လား? အသိပညာတခု ထပ်တိုးသိရတော့ ကောင်းသည်ဆိုသော ရည်ရွယ် ချက်နှင့်လား?

ကျနော် မေးလိုက်သော မေးခွန်း အနည်းငယ် များသွားသည်ထင်သည်။ ကျနော်တို့ မိမိတို့ကိုယ်ကို နိယသ်ကို ဦးစွာဆန်းစစ်သင့်ပေသည်။ ကျနော် တို့တွင် ဖြစ်နေသော အကြောင်းအချက်များကို အနည်းငယ် တင်ပြလိုပါသည်။ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။

၁။ မည်သူ့ကို ဖသ်ဝါမေးမည်လဲ? ကျနော်တို့ တွေ့သမျှလူကို ဖသ်ဝါမေး၍မရပေ။ ရှရီအသ် အပေါ်မှာ အာဏာရှင် မရှိသလို အာလင်မ်သာသနာ့ပညာရှင်လည်း အလျဉ်းမရှိပေ။ မည်သူမျှ မိမိသဘောနှင့် အဖြေပေး၍မရ။
ကျနော်တွေ့ဖူးသော အာလင်မ်ပညာရှင်တော်တော် များများသည် ဖသ်ဝါတခုကို မိမိတို့နှုတ်ပါးစပ်ကနေ ဘယ် သောအခါမှ အလွယ် တကူမပြောခဲ့ပေ။ ဤသည် အလွန်လေးလံသော ပညာရပ်ဖြစ်ပေသည်။ ဖသ်ဝါသော်လည်ကောင်း၊ မဆာအိလ် သော်လည်ကောင်း
မေးမည်ဆိုလျှင် စစ်မှန်သော အာလင်မ်သာသနာ့ပညာရှင်ကို ရှာသင့်ပေသည်။ သူကိုယ် တိုင်ရှရီအသ်အပေါ်မှာ ကျင့်သုံးခြင်းရှိ/မရှိကို လေ့လာသင့်သည်။ သာသနာ့နှင့် ပတ်သက်ပြီး စိတ်ချရသော စစ်မှန်သော အာလင်မ်ပညာရှင်ကို မေးမြန်းရပေမည်။

၂။ မိမိ စိတ်ချရသော အာလင်မ်ပညာရှင် တဦးတည်းကို သာမေးမြန်းပါ။ ပညာစမ်းချင်သောကြောင့်ဖြစ်စေ မည်သို့ဖြစ်စေ။ ဟိုဆရာကတော့ ဒါကိုဒီလိုဖြေတယ်။ ဒီဆရာကတော့ ဒီလိုဖြေတယ် ဆိုသော အကျိုး မရှိသော အကြောင်းအချက် များဖြစ်ပေါ်လာပေလိမ့်မည်။
ဤသည်လည်း ဖိသ်နာတမျိုးပင် ဖြစ်သည်။

၃။ နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ပါ။ ပိုင်သည် မပိုင်သည် သိရပြီးနောက် ကျနော်တို့ ထိုကဲ့သို့ လိုက်နာကျင့်သုံးခဲ့ပါသလား? မေးလိုက်သည်နှင့် တာဝန်ကျေသွားသည် မဟုတ်။ မိမိသိလိုက်ရသည်ကို အမလ်ပြုလုပ်ဖို့ အလွန် အရေးကြီးပေသည်။
အပျော်တမ်း မေးခွန်းမေးနေခြင်းမဟုတ်။ ဖသ်ဝါ မေးပြီးနောက် ရှရီအသ်၏ အမိန့်အတိုင်း လိုက်နာကျင့်သုံးရန် လွန်စွာ အရေးကြီးပါသည်။ သူများနှင့် ပညာပြိုင်လိုစိတ်ကို ဖျောက်ပြီး ဖသ်ဝါအတိုင်း လိုက်နာကျင့်သုံးနိုင်စေရန် ကြိုးပမ်းရမည်။

၎။ ယနေ့ မွတ်စ်လင်မ်များသည် လမ်းသွားရင် ဆရာတပါး တွေ့လိုက်ပါက ( ဟာဆရာ တွေ့တာနဲ့ အတော်ဘဲ ကျနော် ဖသ်ဝါမေးခြင်လို့ပါတဲ့ ) ကောင်းပါရောလား? လောကီရဲ့ ဥပဒေတခုခုကို သိချင်ပါက လမ်းမှာ ရှေ့နေတွေ့လို့ ခဏလေးပါ ဆိုပြီး မေးသည့်သူ
ရှိမည် မထင်ပါ။ ရှိခဲ့လျှင်လည်း လမ်းမှာကြုံလို့ မေးလိုက်သည်ကို အဘယ် ရှေ့နေကမှ ကောင်းမွန်စွာ ဖြေမည်မထင်ပေ။ ကျနော်တို့အာလင်မ်များကို မေးလိုက်လို့ (အဘိုင် ကျနော်အခု ကိစ္စလေးရှိလို့ အိမ် သို့မဟုတ် ဗလီမှာ လာတွေ့လိုက်ပါ)လို့ ပြောလိုက်ရင်
ကျနော်တို့ ဘာလုပ်ကြပါသလဲ ??? (ဟာ ဒီဆရာကွာ ဒါလေး မေးတာကို ကြီးကျယ်နေတယ်။ ငါက အားတာ မဟုတ်ဘူး ခုဖြေလိုက်လဲ ရတာဘဲ) အင်န်နာလိလ်လာ ကျနော်တို့ သာသနာအပေါ်ထားတဲ့ သဘောထား အာဒါးဗ် အစ္စလာမ့်ရှရီအသ်ရဲ့ ကြီးကျယ် မှုက ဤမျှလောက်ဘဲ ရှိသည်။

၅။ မေးပါ။ ဖသ်ဝါမေးမြန်းသင်ယူပါ။ သာသနာ့ပညာရှင်များသည် အွမ်မသ် အတွက်ကြိုးပမ်းဖို့ အိလ်မ် ပညာသင်ကြားထားသူများဖြစ်ပေသည်။ သို့သော် အာလင်မ်များနှင့် ရှရီအသ်ဥပဒေများကို လေးစားကြပါ။ ကျနော်တို့သည် မေးလိုက်ရုံနှင့်
အလွယ် တကူ သိလိုက်ရသော အိလိမ်ကို ပြောပြနိုင်ဖို့ သာသနာ့ပညာရှင်များသည် မိမိအိမ်နှင့်ခွဲခွာပြီး အပင်ပန်း အဆင်းရဲ ခံကာ နှစ်ပေါင်းများစွာ ထိုအိလ်မ်ကို သင်ယူခဲ့ကြသည်ကိုမမေ့ပါနှင့်။

၆ ။ နောက် အလွန်ဆိုးရွာသည့် သတိပြုစရာမှာ အလုပ်တခုခုလုပ်ပြီးမှ။ ဆရာ-ကျနော် ကတော့ ဒီလိုလုပ်လိုက်တယ် ပိုင်လား? ဆိုတာမျိုး လုပ်ချင်ရာလုပ်ပြီးမှ ပိုင်မပိုင် မေးဖို့ သတိရပါတော့သည်။ သာသနာကို တကယ်လေးစားသူသည် မလုပ်ခင် အရင် မေးသင့်သည်။
လုပ်ပြီးမှ မပိုင်ဘူးဆိုရင် ပျက်စီးရမည်မှာ ကျနော်တို့ ကိုယ်တိုင်ပင်ဖြစ်သည်။ သတိတရားချပ်ကာ လုပ်သင့်သည်ကို အရင် လုပ်ထိုက်ပေသည်။

၇ ။ ယခု ခေတ်စားနေသော ဖသ်ဝါမှာ အွန်လိုင်းဖသ်ဝါမေးခြင်းဖြစ်သည်။ ကျနော်တို့ စိတ်ထဲတွင် ဖသ်ဝါကို အလွယ် လေးထင်နေကြသည်။ အွန်လိုင်းဓမ္မသတ်ဆိုတိုင်း မေးချင်ရာ မေးကြတော့သည်။ ထိုအွန်လိုင်းမှ ဖြေကြားသူသည် မည်သူလဲ?
မည့်သည့်ကျောင်းကလဲ? တိကျသေချာသော စိတ်ချရသော အရာကို သိပြီလား? အိန္ဒိယက website ဖြစ်လို့ Saudi က website ဖြစ်တာနဲ့တင် မေး၍မရ။ အသေအချာ စမ်းစစ်သင့်ပေသည်၊ လေ့လာရသလောက်ပြောရလျှင် အိန္ဒိယမှာပင်လျှင်
အကီဒါ အယူဝါဒလွဲမှားသော ကျောင်းတော်တော် များများရှိနေသလို။ အကီဒါလွဲမှားသူ တော်တော်များများကပင်လျှင် website တင်ထားကြပါသည်။ ကျနော် အားလုံးကို မဆိုလိုပါ။

၈။ မေးသူမှာ အမျိုးသမီး ဖြစ်လျှင် မိမိ ခင်ပွန်းသော်လည်ကောင်း အဖေ၊ အစ်ကို၊ မောင်သော်လည်ကောင်း တစ်ဆင့်ခံပြီး စိတ်ချရသော အာလင်မ်တပါးပါးကို မေးမြန်းခိုင်းသင့်ပေသည်။

၉။ ဖသ်ဝါ အဖြေကို စောတကမတက်ပါနှင့်။ ယခုခေတ် ခေတ် ပညာတတ်တော်တော်များများ ဖသ်ဝါအပေါ် စောဒက တတ်ကြသည်။ ခေတ်ပညာတတ် ဦးနှောက်နှင့် ရှရီအသ်ကို ဝေဖန်ချင်ကြသည်။ အလ္လာဟ် အရှင်မြတ်၏ ကြီးကျယ်သော အိလ်မ် အပေါ် ဦးနှောက်နှင့်
ဝေဖန်စဉ်းစားနေသူသည် ခေတ်ပညာဘယ်လောက်တတ်တတ် စာရေးသူအနေဖြင့် သနားစရာ လူတယောက် ဟုသာမြင်ပါသည်။ သာသနာကို ဒီလို မိန့်ထားတယ်ဆိုလျှင် ဒါကို ကျင့်သုံးလိုက်ပါ။ (ဟိုလိုရော မရဘူးလား၊ ဟိုလူတွေကတော့ဒီလိုလုပ်ကြသည်၊ ဒီနေရာမှာ ဟိုလိုဆိုရင်ရော မပိုင်ဘူးလား၊ ဒါကဘာလို့ ဒီလိုဖြစ်တာလဲ )။
ထိုကဲ့သို့ စောတကတက်ကာ မေးခွန်းပေါင်း မြောက်မြားစွာမေးနေသူသည် ဖသ်ဝါအတိုင်း ကျင့်သုံးလိမ်မည် မဟုတ်။ သူ့အတွေးနှင့် သူသာအလုပ်ရှုပ်နေပေလိမ့်မည်။ တကယ်လိုက်နာ ကျင့်သုံးချင်သူအဖို့ အမိန့်တခုသာလျှင် လုံလောက်ပေသည်။
စောတကတတ်သူမှာ မကျင့်သုံးချင်သောကြောင့် ဖြစ်ပေသည်။

၁၀။ နောက်ဆုံး အချက် ရေးသားချင်သည်မှာ အထောက် အထားတောင်းသော အလေ့အထဖြစ်သည်။ စစ်မှန်သော အာလင်မ်တယောက် ဆီက ဖသ်ဝါဖြစ်စေ မအိလ် ဖြစ်စေ မေးမြန်းပါက ထိုအာဝါန်အား အထောက်အထားဖြင့် ပြစရာ မလိုအပ်ပါ။ ရှရီအသ်မှာ
ရှိသည်ကို ပြောပြလိုက်ရုံဘဲ ဖြစ်သည်။ သို့သော် ကျနော်တို့ တတ်ယောင်ကားတွေက အထောက်အထား လိုချင်ကြသည်။ အကိုး အကားကြည့်ချင်ကြသည်။ အကယ်၍ အကိုး အကားရလျှင်လည်း ကျနော်တို့ သိကြသည် မဟုတ်။ ထိုစာပေ ဟဒီးစ်
ကုရ်အာန် အဓိပ္ပာယ်ကို ဖတ်ဖူးကြသည်လည်း မဟုတ်။ ဖတ်ကြည့်မည်လည်း မထင်။ သို့သော် အထောက် အထားကို အသည်းအသန်လိုချင်နေကြသည်။ အစကတည်းက မိမိ စိတ်ချရသော စစ်မှန်သော အာလင်မ်ကို ရွေးချယ် မေးထားပြီ ဆိုပါက
အထောက်အထား မလိုအပ်တော့ပြီ။ ဇွတ်အတင်း အထောက်အထားတောင်းကာ အာလင်မ်ပညာရှင် များအား စိတ်အနှောင့် အယှက်မပေးသင့်ပေ။ ကျနော် ရေးသည့် အချက်တွင် အလွန်အရေးကြီးသော ဖသ်ဝါ အကြောင်းအရာ ကို မဆိုလိုပါ။
(ဥပမာ - အိမ်ထောင်ရေး ဖသ်ဝါများ ဆိုလျှင် ကျနော်တို့ မတောင်းသည့်တိုင်အောင် အာလင်မ်များက အထောက်အထားနှင့်တကွ ပေးသည်သာဖြစ်သည်)

  ဖသ်ဝါမေးကြပါ
  သေချာမေးကြပါ
ရှရီအသ်ရဲ့ အဖြေအတိုင်း လိုက်နာကျင့်သုံးဖို့ မမေ့ပါနှင့်။
 
 
ကောင်စရ် ဘာဒ်ရှာဟ် | အလင်းမျက်ဝန်း
 
                                         အီစလမ့်မီဒီယာ(ကော့သောင်း)

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( 1 )

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( 1 )

بسم اللہ الرحمن الرحیم

ရမဿွာန်လသည် အစ္စလာမ့်လများထဲမှ နဝမမြောက် လတစ်လဖြစ်သည်။ ထိုရမဿွန်လ၏ ထူးမြတ်မှုများမှာ အလွန်ပင် များပြားလှပေသည်။ ထိုရမဿွာန်လ၌ပင် ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ခဲ့သည်။ ရမသွာန်လသည် အလ္လာဟ်အရှင်မြတ်၏ အေဗာဒတ်များ၊ အမိန့်နာခံမှုများ၊ ကောင်းမှုကုသိုလ်များ များမြောင်စွာပြုလုပ်ရမည့် လဖြစ်ပြီး တစ်ခြားသူများအားလည်း ကူညီဖေးမမှုများ ပြုလုပ်ရမည့် လဖြစ်သည်။
ရမဿွာန်လသည် အလ္လာဟ်အရှင်မြတ်၏ မဂ်ဖိရသ်(လွတ်င်ြမ်းချမ်းသာခွင့်ပေးမှု) ရဟ်မသ်(ဂရုဏာသက်ရောက်မှု)၏ လဖြစ်သည်။ ယင်းရမဿွာန်လတွင် ကဒရ်ညဟုခေါ်သော ညတစ်ညရှိပြီး ယင်းညသည် လပေါင်းတစ်ထောင်ထက်သာသော ညတစ်ညဖြစ်သည်။

ဟဒီးဆ်တော်တစ်ပုဒ်တွင် လာရှိသည်မှာ " ရမဿွန်လသည် လများအားလုံး၏ ခေါင်းဆောင်ဖြစ်ပြီး ဂျုမူအဟ်နေ့သည် နေ့များအားလုံး၏ ခေါင်းဆောင်ဖြစ်သည်။ (သွဗ်ရာနီကဗီးရ်ကျမ်း)

ရမဿွန်လသည် အလွန်ပင်ဗရ်ကသ်(မင်္ဂလာ)ရှိသော လတစ်လဖြစ်သည်။ အကယ်၍ ဤရမဿွန်လအား တန်ဖိုးထားပြီး ၎င်းလ၏ ပညတ်ချက်အားလုံးကို လိုက်နာခဲ့လျှင် တစ်နှစ်ပတ်လည်လုံး လုပ်ခဲ့သည့် ဂိုနဟ်စွဂီရဟ် (သေးငယ်သောပြစ်မှု)များအား ပလပ်ပေးမည့် လတစ်လဖြစ်သွားပေမည်။

ဤရမဿွန်လတစ်လ၏ အေဗာဒတ်ကြောင့်ရှေ့လာမည့် လများအားလုံး၏ မပြောပလောက်သော ဂိုနဟ်ငယ်လေးများ ခွင့်လွှတ်ပေးခြင်း ခံရပေမည်။

ဟဒီးဆ်တော်တစ်ပုဒ်တွင်လာရှိသည်မှာ - ရမဿွန်လတစ်လသည် နောက်လာမည့် ရမဿွန်လတစ်လထိ ဂိုနဟ်အပေါင်းအား ပလပ်ပေးမည် သို့သော် စည်းကမ်းချက်တစ်ခုမှာ ဂိုနဟ်ကဗီရဟ် (ကြီးမားသော ပြစ်မှု)များမှ ရှောင်ကြည်ရမည်။ (ကန်ဇွလ် အွမ္မားလ်ကျမ်း၊ အတွဲ(၈) စာမျက်နှာ-၄၆၆)

ဆင့်ဆိုချက်တစ်ရပ်တွင်လာရှိသည်မှာ - နှစ်ဘဝသခင်ကိုယ်တော်မြတ်ကြီး (صَلَّي اللهُ عَلَيْهِ وَسَلَّمْ)သည် ရမဿွာန်လမြတ်ရောက်ရှိလာသောအခါ၌ မိန့်တော်မူသည်မှာ အသင်တို့ထံသို့ မင်္ဂလာရှိသော ရမဿွာန်လမြတ်ရောက်ရှိလာချေပြီ၊ ယင်းလမြတ်တစ်ခုလုံးသည် ကောင်းမွန်လှသည်။ ဤလတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် မိမိဂရုဏာတော်များ၏ ခြုံထည်ကို လွှမ်းခြုံပေးထားတော်မူသည်။ အသင်တို့၏ ဂိုနဟ် (ပြစ်မှုများ)အား ခွင့်လွှတ်ပေးသနားတော်မူသည်။ အသင်တို့၏ ဒိုအာ(တောင်းဆုတော်များ)အား လက်ခံပေးသနားတော်မူသည်။ အရှင်မြတ်သည် အသင်တို့ ဤလမြတ်၌ အဘယ်မျှ ကောင်းမှုများပြုသည်၊ အဘယ်ကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်(ကောင်းမှုများ)အပြိုင်အဆိုင် ပြုလုပ်ကြသည်ကို ရှုစားတော်မူမည်။ ပြီးနောက်အသင်တို့၏ ကောင်းမွန်သော အအ်မားလ်(ကျင့်ဆောက်တည်မှုများ)အပေါ် အရှင်မြတ်သည် ဖရစ်ရှ်သဟ်(ကောင်းကင်တမန်များ)ရှေ့ဝယ် ဂုဏ်ယူတော်မူသည်။ ဤအတွက်ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ရှေ့တော်မောက်သို့ ကောင်းမွန်သော အအ်မားလ်(ကျင့်ဆောက်တည်မှုများ) တင်ဆက်ကြလေကုန်၊ ဤလမြတ်တွင် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်(မဟာဂရုဏာတော်)မှ လက်မဲ့ဖြစ်သွားသောသူသည် အလွန်ပင်နဖူးစာဆိုးသောသူဖြစ်သည်။ (ကန်ဇွလ်အွမ္မားလ်ကျမ်း၊ အတွဲ(၈)၊ စာမျက်နှာ(၄၆၇) ဟဒီးဆ်နံပါတ်၂၃၆၉၂)

 " အလ္လာဟ်အရှင်မြတ်၏ အကူအညီနှင့် ဤတွင် အပိုင်း(၁) ပြီးဆုံးသွားပါပြီ၊ အင်န်ရှာအလ္လာဟ် လာမည့်အပိုင်းဆက်များအား ဆက်လက်တင်ပြပေးသွားပါမည် "
 
       မဲလ်ကွမ်အက်စ် | အလင်းမျက်ဝန်း
 
 အီစလမ့်မီဒီယာ(ကော့သောင်း)


                                            

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း(၂)

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း(၂)

بسم اللہ الرحمن الرحیم

" လမြတ်ရမဿွာန်ရိုဇာ၏ အရေးကြီးပုံ "

ရမဿွာန်လမြတ်၌အရေးကြီးဆုံး အေဗာဒတ်မှာ ရိုဇာပင်ဖြစ်သည်။

ရှရီအသ်တရားတော်၏ ဝေါဟာရ၌ ရိုဇာ၏ အဓိပ္ပါယ်မှာ ( တစ်ဦးတစ်ယောက်သည် ရိုဇာ၏ နီယသ်ထား၍ ဆွဗ်ဟေ့စွာဒစ်က် (နံနက်မိုးသောက်အာရုဏ်ဦးချိန်)မှ ညနေနေဝင်သည့်အချိန်ထိ စားခြင်း၊ သောက်ခြင်း၊ သံသဝပြုခြင်းတို့မှ မိမိကိုယ်ကိုယ် ထိန်းချုပ်ထားခြင်းအား ခေါ်ဆိုပေသည် )


အကယ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် နီယသ်မပြုဘဲ တစ်နေကုန် အစာငတ်ခံ ရေငတ်ခံခဲ့မည်ဆိုလျှင်လည်း ထိုသူ၏ ရိုဇာ အထမမြောက်ပေ၊ ၊ဤနည်းအတိုင်းပင် အကယ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် စွဗ်ဟေ့စွာဒစ်က် (နံနက်မိုးသောက်အရုဏ်ဦးချိန်) ကျော်လွန်ပြီးမှ အစားအစာအနည်းငယ်စားသောက်ခဲ့သော် (သို့) နေမဝင်မီအလျှင် တစ်မိနစ်အလိုခန့်မှ အနည်းငယ်စားသောက်ခဲ့သော် ၎င်းသူ၏ ရိုဇာလည်း အထမြောက်မည်မဟုတ်ချေ။

နီယသ်ပြုသည့်အခါ နှုတ်လျှာမှပြောဆိုရန်မလိုအပ်ဘဲ စိတ်ထဲမှ ရည်စူးမှု ပြုလိုက်သည်ပင် လုံလောက်သွားပေမည်။ (မအာရိဖုလ်ကုရ်အားန်အတွဲ(၁) စာမျက်နှာ-၄၄၂)

ရမဿွာန်လမြတ်၏ ရိုဇာသည် အစ္စလာမ့်တရားတော်၏ မဏ္ဍိုင်များထဲမှ မဏ္ဍိုင်တစ်ခုဖြစ်သည်။

ယင်းလမြတ်ရမဿွာန်၏ ရိုဇာသည် ဗဒနီး အေဗာဒတ် (ခန္ဓာကိုယ်နှင့်ရင်းပြီး ပြုလုပ်ရသည့်အေဗာဒတ်) တစ်ခုဖြစ်ပြီး ဖရ်သွေ့အိုင်းန်လည်ဖြစ်သည်။

ဖရ်သွေ့အိုင်းန်၏ အလိုသဘောမှာ (မုကလ္လဖ်) တရားတော်၏ ကိစ္စအဝဝအား ဆောင်ရွက်ရန် တာဝန်ပေးခြင်းခံရသူတိုင်း ယင်း(ဖရ်သွေ့အိုင်းန်)အား ပြုလုပ်ရမည်။ လူအချို့ ပြုလုပ်လိုက်သည်နှင့် အခြားသူများဘက်မှာပါ တာဝန်ကျသွားခြင်းမျိုးမဟုတ်ပေ။

ရမဿွာန်လမြတ်၏ ရိုဇာအားလုံးအားထားရန် အာကိလ်(အသိညဏ်ရှိသူ)၊ ဗာလိဂ်(အရွယ်ရောက်သူ)၊ မွတ်စ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်းအပေါ် ဖရ်သ်ွဖြစ်သည်။

ရမဿွာန်လမြတ်၏ ရိုဇာဖရ်သ်ွဖြစ်ခြင်းအား ညင်းဆန်သူသည် မွတ်စ်လင်မ်မဟုတ်ချေ။

ပြီးနောက် ရှရ်အီးအွဇ်ရ် (တရားတော်မှ ခွင့်ပြုထားသော အကြောင်းပြချက်) မရှိဘဲ အကျပ်အတည်းတစ်စုံတစ်ရာမရှိဘဲ အကြောင်းမဲ့ ယင်းရိုဇာအား စွန့်လွှတ်သောသူသည် အလွန်ကြီးမားသော ဂိုနဟ်ဂါးရ် (အပြစ်ကျူးလွန်သူ) ဖြစ်မည်။

အွမ်ဒသွလ်ဖိက်ဟ်ကျမ်းအတွဲ(၃)စာမျက်နှာ(၁၂၃)

အလ္လာဟ်အရှင်မြတ်၏ အကူအညီဖြင့် ဤတွင်အပိုင်း(၂) ပြီးဆုံးသွားပါပြီ။

အင်န်ရှာအလ္လာဟ်... ရှေ့လာမည့်အပိုင်းဆက်များအားလည်း ဆက်လက်တင်ပြပေးသွားပါမည်။
 
 
မဲလ်အကွမ်အက်စ် | အလင်းမျက်ဝန်း
 
                                  အီစလမ့်မီဒီယာ(ကော့သောင်း)

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( ၃ )

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( ၃ )

" ရိုဇာ၏ ထူးမြတ်မှုများ "

အစ္စလာမ်သာသနာတော်တွင် ရိုဇာထားခြင်း၏ ထူးမြတ်မှုများ မရေမတွက်နိုင်လောက်အောင် များပြားလှပေသည်။

» ဆင့်ဆိုချက်တစ်ရပ်တွင် လာရှိသည်မှာ..
 နှစ်ဘဝသခင်ကိုယ်တော်မြတ်ကြီး (ဆွလ္လလာဟိုအလိုင်းဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - " ရိုဇာသည် ငါကိုယ်တော်မြတ်အတွက်ဖြစ်သည် ငါကိုယ်တော်တိုင် ယင်းအား အစားပေးမည်။
(ဆောက်တည်မည့်) ရိုဇာသည် ဂျဟန္နမ်မှ ခိုလှုံခွင့်ပေးမည့်အရာဖြစ်သည် ရိုဇာထားသူ၏ ပါးစပ်မှထွက်သောအနံ့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဂတိုးနံ့သာထက် သာပိုမွှေးကြိုင်၍ နှစ်သက်ဖွယ်ရာဖြစ်သည်။ (သစ်ရ်မိဇီကျမ်း အတွဲ(၃)၊ စာမျက်နှာ(၁၃၆) ဟဒီးဆ်နံပါတ် - ၇၆၄)

» ဟဒီးဆ်တော်တစ်ပုဒ်တွင် လာရှိသည်မှာ.. 
ဂျန္နသ်တွင် " ရိုင်ရ်ရားန် " အမည်ရှိ တံခါးပေါက်တစ်ခုရှိသည်၊ ကိယာမသ်နေ့တွင် ယင်းတံခါးပေါက်မှ ရိုဇာထားသောသူများသာ ဝင်ရောက်ခွင့်ရမည်၊ မည်သည့်အခါ ရိုဇာထားသောသူများဝင်ရောက်ပြီးသော် ယင်းတံခါးပေါက်မှာ ပိတ်ခြင်းခံရပေမည်။ ထို့နောက် အခြားမည်သူတစ်ဦးတစ်ယောက်မှ (ယင်းတံခါးပေါက်မှ) ဝင်ရောက်ခွင့်ရမည်မဟုတ်ပေ။
(မွတ်စ်လင်မ်ကျမ်း၊ အတွဲ(၂)၊ စာမျက်နှာ-၈၀၈) ဟဒီးဆ်နံပါတ် (၁၁၅၂) နစာအီကျမ်း၊ အတွဲ(၄) စာမျက်နှာ(၁၆၈) ဟဒီးဆ်နံပါတ် (၂၂၃၇)၊ သိရ်မိဇီကျမ်း အတွဲ(၃) စာမျက်နှာ(၁၃၇)ဟဒီးဆ်နံပါတ်-၇၆၅)

» ဟဒီးဆ်တော်တစ်ပုဒ်တွင်လာရှိသည်မှာ..
အကြင်သူတစ်ဦးတစ်ယောက်သည် ရမဿွာန်လ၏ ရိုဇာအား ထားခဲ့မည် ယင်းရိုဇာ၏ ပညတ်ချက်များအားလည်း သိရှိခဲ့မည် ပြီးနောက် ရိုဇာ၌ ထိန်းသိမ်းရန် အရေးကြီးသည့်အရာများအား ထိန်းသိမ်းခဲ့မည်ဆိုပါက ၎င်းသူထားခဲ့သော ရိုဇာသည် ၎င်းသူ၏ ဂိုနဟ်စွဂီရဟ် (သေးငယ်သောပြစ်မှု)များအား ပလပ်ပေးမည့် အရာဖြစ်သွားပေမည်။
(အစ်ဗ်နေ့ဟဗ္ဗားန်ကျမ်းအတွဲ(၈)စာမျက်နှာ(၂၁၉)ဟဒီးဆ်နံပါတ်(၃၄၃၃)၊ ဗိုင်ဟကီကျမ်းအတွဲ(၄)စာမျက်နှာ(၃၀၄)ဟဒီးဆ်နံပါတ်-၈၂၈၈)

 " အင်န်ရှာအလ္လာဟ်...နောက်လာမည့်အပိုင်းဆက်များအားလည်း တင်ဆက်ပေးသွားပါမည် "
 
 
မဲလ်ကွမ်အက်စ် | အလင်းမျက်ဝန်း
 
                                     အီစလမ့်မီဒီယာ(ကော့သောင်း)

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( 4 )

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( 4 )

" စဲဟ်ရီစားခြင်းနှင့် စဲဟ်ရီစားခြင်း၏ ထူးမြတ်မှုများ "


အရဗီအဘိဓာန်တွင် စဲဟ်ရီ၏ အဓိပ္ပါယ်မှာ စွဗ်ဟေ့စွာဒစ်က် (နံနက်မိုးသောက်အာရုဏ်ဦးချိန်) အလျှင် စားသုံးခြင်းအား ခေါ်ဆိုပေသည်။

စဲဟ်ရီသည် အလ္လာဟ်အရှင်မြတ်၏ အလွန်ကြီးမားသော ကျေးဇူးပြုမှုကြီး တစ်ခုဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ရိုဇာသည်များအတွက် စဲဟ်ရီစားခြင်းတွင် အလွန်ကြီးမားသော အကျိုးဖဇီလသ်များ သတ်မှတ်ပေးထားသည်။

အကယ်၍ ဤသို့သော် အကျိုးဖဇီလသ်များ မသတ်မှတ်ပေးထားလျှင် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်ကျေးကျွန်များ စဲဟ်ရီမစားဘဲ ရိုဇာထားကြကာ ဒုက္ခခံကြမှုများ ရှိသွားနိုင်ပေသည်။

စဲဟ်ရီစားခြင်းသည် စွန္နသ်ဖြစ်သည်၊ များစွားသော ရိဝါယသ်(ဆင့်ဆိုချက်)များတွင် စဲဟ်ရီစားခြင်း၏ အကျိုးဖဇီလသ်များ လာရှိထားပေသည်။

ဗိုခါရီကျမ်း၏ ရှာရေ့ဟ်(အကျယ်ပြန်ရေးသားသူ) အလ္လာမဟ်အိုင်နီး(ရဟိမဟုလ္လာဟ်)သခင်သည် မိမိ၏ (ဗိုခါရီအကျယ်ပြန်) အွမ်ဒသွလ်ကာရီကျမ်းတွင် ရေးသားထားသည်မှာ (၁၇) ပါးသော စွဟာဗဟ် (ရသွေရလ္လာ ဟုအန့်ဟွမ်)များမှ စဲဟ်ရီစားခြင်း၏ အကျိုး ဖဇီလသ်နှင့်ပတ်သတ်သော ဟဒီးဆ်တော်များ ဆင့်ဆိုထားကြောင်းနှင့် စဲဟ်ရီစားခြင်း၏ စွန္နသ်၊ မွတ်စ်သဟဗ်ဖြစ်ခြင်းအပေါ် အိုလာမာများ၏ အိဂ်ျမားအ် (စုစည်းမှု)ရှိကြောင်း ရေးသားထားပေသည်။

မွတ်စ်လင်မ်ကျမ်း၏ ရှာရေ့ဟ်(အကျယ်ပြန်ရေးသားသူ) အိမားမ်နဝဝီ (ရဟိမဟုလ္လာဟ်)သခင်သည်လည်း စဲဟ်ရီစားခြင်း၏ အကျိုးဖဇီလသ်နှင့် ၎င်း(စဲဟ်ရီစားခြင်း)၏ မွတ်စ်သဟဗ် ဖြစ်ခြင်းအပေါ် ဖုကဟားအ် (အစ္စလာမ့်ဥပဒေပညာရှင်များ)၏ အိဂ်ျမားအ် (စုစည်းမှု)ရှိကြောင်း ဆင့်ဆိုထားပေသည်။

(المجموع شرح المهذب :ج،6 ، باب السحورفي ﺍﻟﺼﻮﻡ)

အင်န်ရှာအလ္လာဟ် » လာမည့်အပိုင်(၅)တွင် စဲဟ်ရီ၏ အကျိုးဖဇီလသ်နှင့် ပတ်သတ်ပြီလာရှိထားသော ဟဒီးဆ်တော်များအား တင်ပြပေးသွားပါမည်။
 
 
မလ်ကွမ်အက်စ် | အလင်းမျက်ဝန်း
 
                                        အီစလမ့်မီဒီယာ(ကော့သောင်း)

ရမဇာန်အကြို မှာတမ်း

ရမဇာန်အကြို မှာတမ်း

ရမဇာန်လမြတ်သည် အလွန်အင်မတန်မှ ဗရ်ကသ်မင်္ဂလာနှင့် ပြည့်စုံသော လတစ်လဖြစ်ပေသည်။ ထိုလမြတ်တွင် နေ့အခါ၌ ရိုဇာဥပုဒ်စောင့်ထိန်းခြင်းသည် ဖရဇ်ဖြစ်၍ ညအခါ၌ သာရာဝီးဟ်နမားဇ်ဝတ်ပြုခြင်းသည် စန္နသ်ဖြစ်ပေသည်။
ထို့ပြင်ဤလမြတ်တွင် ထူးကဲမွန်မြတ်သော ညတစ်ညလည်းပါဝင်ပေသည်။ ထိုညတွင် နိုးကြား၍ အေဗာဒသ်လုပ်ခြင်း၏ အကျိုးကုသိုလ်မှာ လပေါင်းတစ်ထောင်ထက် သာမြတ်လေသည်။

ထိုလမြတ်တွင် ကောင်းမှုတစ်ခုတိုင်း၏ အကျိုးကုသိုလ်မှာ အဆပေါင်းခုနှစ်ဆယ်တိုး၍ ရရှိပေသည်။ ဤလမြတ်တွင် ဂျန္နသ်၏ တံခါးများကိုဖွင့်ထားပေးပြီး ဂျဟန္နမ်၏ တံခါးများကို ပိတ်ထားလေသည်။

ထို့ပြင် ဆိုးသွမ်းသောရှိုင်သွာန်မိစ္ဆာကောင်များကို ချုပ်နှောင်ထားလေသည်။ ထိုအရာများအားလုံးသည် အလ္လာဟ်အသျှင်မြတ်၏ ရဟ်မသ်မဟာသနားဂရုဏာတော်နှင် မဂ်ဖေရသ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၏ အကြောင်းခံများပင်ဖြစ်ပေသည်။

နေ့စဉ်ဖရှိရ်သာ ကောင်းကင်တမန်များဖြင့် ကြေငြာခိုင်းစေသည်မှာ -

အို - အကောင်းလိုလားသူတို့ ကောင်းမှုများကို ရှေ့သို့တိုး၍ ပြကြကုန်။

အို - မကောင်းမှုပြုလုပ်သူတို့ မကောင်းမှုများကို ရပ်တန်းကရပ်၍ ကောင်းခြင်းဖက်သို့ လှည့်ကြကုန်။ မိမိအရှင်၏ အမိန့်တော်များကို နာခံ၍ ဘဝသက်တမ်းကို ကုန်ဆုံးကြကုန်။

မွန်မြတ်လှသော ရမဇာန်လမြတ်သည် မိမိ၏ ဘဝသက်တမ်းကို ကောင်းခြင်းများဖက်သို့ လှည့်ရန်၊ မိမိနှလုံးသားကို အလ္လာဟ်အရှင်မြတ်ဖက်သို့ လှည့်ရန် ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်ရန် ဂျန္နသ်သုခဘုံနန်းသို အရှင်မြတ်ချီးမြင့်ပေးသနားမှုကို ရယူရန် အကောင်းဆုံးသော အချိန်ပင်ဖြစ်ပေသည်။

ဤလမြတ်သည် မိမိ၏ဘဝသက်တမ်း နောက်ဆုံးကြုံကြိုက်ခွင့်ရသော လမြတ်လည်းဖြစ်နိုင်ပေသည်။ သေဆုံးကွယ်လွန်ပြီးနောက် သိန်းသန်းမက မျှော်လင့်တောင်းတမှုဖြစ်ကာ တစ်ချိန်တစ်ခါလောက် စဂ်ျဒါပြုလုပ်ချင်သည်ဖြစ်စေ၊ တစ်ကြိမ်တစ်ခါလောက် စွဗ္ဗဟားနလ္လာဟ်ရွတ်ဖတ်ချင်သည်ဆိုပါရင်လည်း အကျိုးကုသိုလ် မရရှိနိုင်ပေ။

ဤကဲ့သို့သောအခွင့်ထူးကို နောက်တစ်ခါပြန်၍ မရရှိနိုင်ပေ။ ထိုမွန်မြတ်ထူးကဲလှသော လမြတ်တွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရယူသင့်ပေသည်။ လုံးလဝရိယဖြင့် ရိုဇာဥပုဒ်စောင့်ထိန်းခြင်း သာရာဝီးဟ်နမားဇ်ဝတ်ပြုခြင်းများကို တစ်စိုက်မက်မက် ပြုလုပ်သင့်ပေသည်။ ထိုအေဗာဒသ်များပြုလုပ်ရန် အမိန့်ပညတ်ချက်များမှာ ကျွန်ုပ်တို့၏ အကျိုးအတွက်သာလျှင်ဖြစ်ပေသည်။ သို့မှသာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်မဟာသနားဂရုဏာတော်များကို ခံစားခွင့်ရရှိနိုင်ပေမည်။

ထိုအမိန့်ပညတ်ချက်များမရှိဘူးဆိုလျှင် မွန်မြတ်သောလမြတ်၏ တန်ဖိုးရှိသောအချိန်များမှာ မေ့လျှော့ခြင်းနှင့်သာ ကုန်ဆုံးသွားပေမည်။ ထိုကဲ့သို့မေ့လျှော့ခြင်းသည် ကောင်းခြင်းများမှ လက်မဲ့ဖြစ်ခြင်းမှလွဲ၍ ဘာမှမရှိပေ။

ဗလီတွင် သက္ကဗီးရ်အူလာနှင့်နမားဇ်ဆေက်တည်ရန် အရေးကြီးပေသည်။ မည်သည့်နမားဇ်ကိုမှ ဂျမာအသ်နှင့်မလွတ်ပါစေနှင့်။ အိမ်တွင် အိဖ်သာရ်ဝါဖြေရန် ပြင်ဆင်ခြင်းကြောင့် ဗလီတွင် ဂျမာအသ်ကို မလွတ်မိပါစေနှင်။

ကလီမာသွိုင်ယေဘာ၏ ဇိကိရ်၊ ဒူရူးဒ်ရှရီးဖ်၊ သောင်ဗဟ် အိစ်သေ့ဂ်ဖါများကို များမြောင်စွာဖတ်သင့်ပေသည်။ မည်သည့်အချိန်ကိုမဆို ဇိကိရ်သေလာဝသ်နှင့် လက်မဲ့မဖြစ်ပါစေနှင့်။

ကျမ်းတော်မြတ်ကုရ်အာန်၏ သေလာဝသ်ကို တစ်စိုက်မက်မက်ပြုလုပ်သင့်ပေသည်။ စာလုံးတစ်လုံးတိုင်းတစ်လုံးတိုင်းတွင် အကျိုးကုသိုလ်တစ်ရာရရှိပေသည်။

ရိုဇာဟ်ဥပုဒ်စောင့်ထိန်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ သက္ကဝါတရားရယူခြင်း (ဂိုနာပြစ်မှုဒုစရိုက်များမှ ရှောင်ကျဉ်ခြင်း)ဖြစ်ပေသည်။ ဂိုနာပြစ်မှုဒုစရိုက်များကို မရှောင်ကျဉ်ဘဲ ရိုဇာဥပုဒ်စောင့်တည်ခြင်းသည် အချီးအနှီးသာဖြစ်ပေသည်။

မျက်လွှာအရှုကို ဂိုနဟ်အကုသိုလ်များမှ ရှောင်ကျဉ်ရပေမည်။ နှုတ်လျှာကို အထူးထိန်းသိမ်းရပေမည်။ ခြေ၊လက်၊ နှလုံးသား၊ ဦးနှောက်စသည်များကိုလည်း ဂိုနာဟ်အကုသိုလ်များမှ ရှောင်ကျဉ်ရပေမည်။ စားခြင်းသောက်ခြင်းကို ရိုဇာဟ်ဥပုဒ်စောင့်ထိန်းသကဲ့သို့ ပြစ်မှုဒုစရိုက်များကိုလည်း ရိုဇာဟ်ဥပုဒ်စောင့်ထိန်းရပေမည်။ စားခြင်းသောက်ခြင်းသည် အိဖ်သာရ်ဝါလွတ်ချိန်ကုန်ဆုံးသွားသောအခါ ဟလာလ်ပြုပိုင်သည်ဆိုသော်ငြားလည်း ဂိုနာဟ်အကုသိုလ် ပြစ်မှုဒုစရိုက်မှာမူ မည်သည့်အချိန်မှ မပြုပိုင်သောကိစ္စဖြစ်လေသည်။ ရမဇာန်လတွင်မက မည်သည့်လမှာမဆို အမြဲတမ်းအတွက် ဟရမ်ဖြစ်လေသည်။ သို့ဆိုသော ဒီနေရာတွင်ကျွန်ုပ်တို့စဉ်းစားချင့်ချိန်သင့်သည်မှာ တစ်နှစ်ပါတ်လုံး ပြုပိုင်သော စားခြင်းသောက်ခြင်းကို ရမဇာန်လထောက်ရှုပြီးအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသောအားဖြင့် စားခြင်းသောက်ခြင်းကို စွန့်လွတ်သည်ဆိုလျှင် တစ်နှစ်ပတ်လုံးလုံးပြုမပိုင်သော ဂိုနာဟ်အကုသိုလ်များကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံသောအားဖြင့် ရှောင်ကျဉ်ရန်မှာ ပို၍ပို၍ပင် အရေးကြီးပေသည်။

အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်မဟာသနားဂရုဏာတော်၊ မဂ်ဖေရသ်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံရာတွင် တစ်ဦးထက်တစ်ဦး ဆထက်တစ်ပိုးတိုး၍ ကြိုးစားရယူသင့်ပေသည်။

မိမိလုပ်ငန်းခွင်များကိုလည်း အတတ်နိုင်ဆုံး အမြန်ဆုံးပြီးအောင်လုပ်ပြီး အတတ်နိုင်ဆုံး များသောအားဖြင့် အချိန်များကို ဗလီ၌သာကုန်ဆုံးသင့်ပေသည်။ မိမိ၏အလုပ်သမားများကိုလည် ဤလတွင် သက်ညှာစွာခိုင်းသင့်ပေသည်။

မိမိ၏ အိမ်နားနီးချင်းများ၊ သူဆင်းရဲများကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ခေသမသ်လုပ်ခြင်းသည်လည်း ဤလမြတ်၏ ထူးခြားသောကောင်းမှုတစ်ခုဖြစ်လေသည်။ ဟဒီးစ်တော်တွင်လာရှိသည်မှာ တမန်တော်မြတ်(PBUH)သည် လမြတ်ရမဇာန်ကို ရောက်လျှင် တစ်ခြားလများထက် သာပို၍ ပေးကမ်းရက်ရောလေသည်။

အိဖ်သာရ်ဝါဖြေသောအခါတွင်လည်း သူဆင်များကိုပါ ပါဝင်စေသင့်သည်။ ပစ္စည်းပစ္စယာများလည်း ကူညီသင့်ပေသည်။ သို့မှသာ သူဆင်းရဲများလည်း လမြတ်ရမဇာန်ကို စိတ်အေးချမ်းစွာဖြင့် ကုန်ဆုံးနိုင်ပေမည်။

ဤလမြတ်တွင် ဆုမွန်ဒိုအာများကို များမြောင်စွာ တောင်းသင့်ပေသည်။ အီမန့်ရှင်များကို ကမ္ဘာအလည်တွင် ဂုဏ်သိက္ခာရရှိရေး၊ သာသနာ့ပညာရှင်များ၊ ဗလီဝတ်ကျောင်းတော်များ၊ သာသနာ့အဆောက်အအုံးများကို အလ္လာဟ်အရှင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ညှင်းပမ်းနှိပ်စက်ခံနေရသော အီမန့်ရှင် မုစလ်မာန်များကို အလ္လာဟ်အရှင်ဖက်တော်မှ အမြန်ဆုံးအကူညီရရှိရေး၊ အွမ္မသ်သူအွမ္မသ်သားများအားလုံးကို ဂျဟန္နမ်ငရဲမီးဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး စသည်တို့ကို အထူးပင် ဒိုအာပြုလုပ်သင့်သည်။

ဤမွန်မြတ်ထူးကဲလှသော လမြတ်ရမဇာန်ကို ကျွန်ုပ်တို့အားလုံး အကျိုးရှိရှိ အသုံးချနိုင်စွမ်း၊ အလ္လာဟ်အရှင်မြတ်၏ အမလ်အေဗာဒသ်များ ပြုလုပ်ရင် ကုန်ဆုံးနိုင်စွမ်း အလ္လာဟ်ရှင် ချီးမြှင့်ပေးသနားတော်မူပါစေ။ (အာမီးန်)
 
 
                                              ဆရာစည် | အလင်းမျက်ဝန်း
 
                                            အီစလမ့်မီဒီယာ(ကော့သောင်း)